Friday, 8 April 2011

[စာပေစကားဝိုင်း] New doc: ၂၁ ရာစုသို့ စွဲချက်တင်ခြင်း (ကမာပုလဲ)

created the doc: "၂၁ ရာစုသို့ စွဲချက်တင်ခြင်း  (ကမာပုလဲ)"
Aung Myin Oo created the doc: "၂၁ ရာစုသို့ စွဲချက်တင်ခြင်း (ကမာပုလဲ)"

ဂျပန်ပြည်ဟာ

နျူကလီယားကျိန်စာသင့်ခဲ့လေသလား …

ဒုတိယကမ္ဘာစစ်နိဂုံးပိုင်း

အိုင်းစတိုင်းရဲ့

ခြောက်ညအိပ်မက်ဆိုးတွေဟာ

တိုကျိုအနီးတ၀ိုက်မှာ ဆက်တိုက်ပေါက်ကွဲနေတယ်။

 

သဘာဝတရားကြီးကပဲ

ရက်စက်လွန်းရာကျနေသလား

ဒါမှမဟုတ် ...

စည်းမဲ့ကမ်းမဲ့ လူတစုရဲ့ အတ္တတွေကပဲ

ကမ္ဘာမြေကို ဖျက်ဆီးနေတာလား

ပန်းနုရောင် ချယ်ရီပန်းကလေးတွေ

ခုတော့ သွေးစစွန်းပေ။

 

ခင်ဗျားတို့ ပြောပြောနေတဲ့

နည်းပညာခေတ်ကြီး

ခင်ဗျားတို့ လှိုက်လှိုက်လှဲလှဲ

ကြိုဆိုလိုက်တဲ့ ရာစုသစ်ကြီး

ခုတော့ အပြစ်မဲ့ ဂျပန်ပြည်သူတွေကို

ဂုတ်ခွစီးနေ။

 

ရာစုသစ်ကြီးခင်ဗျား ...

နည်းပညာတွေ တနင့်တပိုးနဲ့

အဘယ်သူတွေ ကျိကျိတက် ကြွယ်ဝခဲ့ပါသလဲ

ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်သယံဇာတ၊

မျိုးဗီဇဖျက် အစားအစာများနဲ့ ဈေးကွက်စီးပွားရေး

ဘယ်သူ့အကျိုးစီးပွားအတွက် ဖော်စပ်ပေးလိုက်တာပါလဲ … ။

 

ရာစုသစ်ကြီးခင်ဗျား ...

ခင်ဗျားပဲ ပြောခဲ့တယ်

ငြိမ်းချမ်းရေး … ကို

ခင်ဗျားပဲ အော်ဟစ်ခဲ့တယ်

လူ့အခွင့်အရေး … ကို

ရာစုသစ်ကြီး …

ခင်ဗျားဟာ ဗမာပြည်မှာ

ရွှေဖလားရောင် ချိတ်လုံခြည်ကို ၀တ်လို့

ပန်းသွေးရောင် ခေါင်းပေါင်းကို ပေါင်းတယ်၊

ဥရောပ၊ အမေရိကတို့ကို ရောက်ရင်

နက်ကတိုင်၊ ကုတ်အင်္ကျီနဲ့

ကြောင်ကမ္ဘာအကောင်းစား သားရေရှုးဖိနပ်ကို စီးတယ်၊

 

ရာစုသစ်ကြီးခင်ဗျား ...

ကမ္ဘာကြီးဟာ … ခင်ဗျားအတွက်

စစ်ပွဲတွေ ဖြစ်ပေးနေရတယ်၊

ရာစုသစ်ကြီးခင်ဗျား ...

ကမ္ဘာကြီးဟာ ခင်ဗျားအတွက်

နျူကလီးယားဓာတ်ပေါင်းဖိုတွေ

အပြိုင်အဆိုင် ဆောက်လုပ်ခဲ့ကြတယ်၊

 

ရာစုသစ်ကြီးခင်ဗျား ...

ကမ္ဘာကြီးဟာ ခင်ဗျားအတွက်

အပြစ်မဲ့ ကလေးငယ်တွေ

ဘုမသိ ဘမသိ အေ့စ်ကိုက်နေရရှာတယ်၊

 

ရာစုသစ်ကြီးခင်ဗျား ...

ခင်ဗျား ကမ္ဘာမြေကြီးကို ပေါင်းသင်းဆက်ဆံနေပုံက

ဝေသာလီ ဂဏ နိုင်ငံတော်ကို ဖျက်ဆီးခဲ့တဲ့

ဝသကာရ အမတ်ကြီးရဲ့ အပြုအမူနဲ့ တထပ်တည်းပဲ၊

သူတပါး မျက်ရည်ကြီးငယ်ကျမှ နေသာထိုင်သာရှိပါသလား

 

အပြစ်မဲ့သူတွေရဲ့ မျက်မှောက်ဘ၀တွေ

ကျိုးပဲ့ကြေမွနေမှ

ခင်ဗျားရဲ့အနာဂတ် လှပမယ်လား။

 

ရာစုသစ်ကြီးခင်ဗျား ...

ခင်ဗျားဟာ

မာဂရက်မစ်ချယ်ရဲ့ဇာတ်လိုက် 'ရက်ဘတ်တလာ' ပါပဲ

အကောင်းစား အရက်နဲ့ ဆေးလိပ်ကို သောက်မယ်

အကောင်းဆုံးတွေသာ ခင်ဗျားအတွက် ဖြစ်ရမယ်

ပြီးတော့ ခင်ဗျားရဲ့စီးပွားရေးဒဿနက

"တိုင်းပြည်ပျက်ချိန်နဲ့ တိုင်းပြည်ပြန်လည်ထူထောင်ချိန်"

အဲဒီနှစ်ချိန်မှာ စီးပွားရေးလုပ် … ဖြစ်တယ် …။

 

ရာစုသစ်ကြီးခင်ဗျား ...

ခင်ဗျားရှိလို့ ပြည်သူတွေ ရှိနေတာလား

ပြည်သူတွေရှိလို့ ခင်ဗျားရှိနေတာလား

ဒါကို ခင်ဗျား စဉ်းစားမိခဲ့ပါရဲ့လား

ခင်ဗျားရဲ့ ပက်ပက်စက်စက် ကျဆုံးခန်းကို

ခင်ဗျားရှေ့က သွားနှင့်သူ ရာစုအဟောင်းအမြင်းတွေက

ရင်တမမနဲ့ စောင့်မျှော်

အိပ်လို့တောင် ပျော်မယ်မထင်ဘူးဗျာ။ ။

 

အိုင်စတိုင်း - ၂၀ ရာစုရဲ့ ရူပဗေဒပညာရှင်ကြီး

ဝသကာရ - ဆရာပါရဂူ ဘာသာပြန် 'ဝေသာလီ' ဒီမိုကရေစီနိုင်ငံကို ဖျက်ဆီးခဲ့သူ

မာဂရက်မစ်ချယ် - GONE WITH THE WIND (လေရူးသုန်သုန် - ဆရာမြသန်းတင့် ဘာသာပြန်) ၀တ္ထု

ရက်ဘတ်တလာ - လေရူးသုန်သုန်ဝတ္ထုထဲမှ ဇာတ်ကောင် (အကျိုးစီးပွားသမား တောကြောင်)

 

ကမာပုလဲ


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment