၂၁ ရာစုတွင် ဘုရားသခင် ငိုကြွေးနေရခြင်းအကြောင်း
အဘယ်ဝဋ်ကြွေးကြောင့်ပါလဲ ၂၁ ရာစုမှာ ဘုရားသခင် ငိုကြွေးတယ် ... ငိုတာမှ သည်းသည်းထန်ထန် ရှိုက်ကြီးတငင်ငင် ငိုတယ်။
တချိန်က ... အရှေ့အလယ်ပိုင်းရဲ့ အသည်းနှလုံး ဂျေရုဆလာမ်အတွက် ငိုတယ်၊ လူကို ကျွန်အဖြစ် အဓမ္မကုန်ကူးခံခဲ့ရတဲ့ အာဖရိကန် လူမည်းတွေအတွက် ငိုတယ်၊ ဒတ်ခ်ျ၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလန်၊ အမေရိကန် ... စတဲ့ ကိုလိုနီနယ်ချဲ့သမားတွေကြောင့် ငိုတယ်၊ ဖက်ဆစ်ဂျပန်၊ နာဇီဟစ်တလာ၊ မူဆိုလိုနီတို့ကြောင့် ငိုတယ်၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်အတွက် ငိုတယ်၊ သြဂုတ် (၆)၊ သြဂုတ် (၈) ... ဟီရိုရှီးမား၊ နဂါစကီ နျူကလီးယားဗုံးအဆိပ်သင့်ခံ အပြစ်မဲ့ပြည်သူတွေအတွက် ငိုတယ်။
ငိုရတာတွေ များလွန်းနေတော့ သူ့ခမျာ နားနားပြီး ငိုပါရစေလို့ ... သူ့ရှေ့က သွားနှင့်သူ ဘုရှားသခင်တွေထံ (ရှိခဲ့မှန်း၊ မရှိခဲ့မှန်း သူကိုယ်တိုင်လည်း မသေချာဘူး) ကမ္ဘာမြေအတွက် အသနားခံ မျက်ရည်နဲ့ ဆုပန်တယ်၊ သူ့ဆုပန်ချက်တောင် မဆုံးနိုင်သေးဘူး ဆိုဗီယက်ယူနီယံကြီး ပြိုကွဲတယ် ဂျာမနီ ဘာလင်တံတိုင်းကြီး ပြိုကျတယ် ကမ္ဘာ့နေရာအနှံ့မှာ ဘာသာရေး၊ ယဉ်ကျေးမှု၊ အသားအရောင်၊ လူမျိုးရေး ပဋိပက္ခနဲ့ စစ်ပွဲတွေဖြစ်တယ်၊ ဘုရားသခင်ခမျာမယ် ၂၀ ရာစုကို အငိုနဲ့ နှုတ်ဆက်ပြီး ၂၁ ရာစုကို မျက်ရည်လည်ရွှဲနဲ့ ကြိုရပြန်တယ်။
၂၁ ရာစုမှာ လူအချင်းချင်း နှိပ်စက်ခြင်းတွေကလည်း ဘယ်ခေတ်နဲ့မှ မတူအောင် သိမ်မွေ့ပြင်းထန်တယ်၊ ငြိမ်းချမ်းရေးသမားဆိုသူတွေရဲ့ လက်တွေ့မပါတဲ့ စိတ်ကူးစိတ်သန်း မေတ္တာအစွမ်းတွေကလည်း ခုနှစ်အိမ် ကြားတာပဲ အဖတ်တင်တယ် ... အဲဒီအတွက်လည်း ဘုရားသခင် ငိုတယ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကူးစက်ရောဂါ၊ လူကုန်ကူးသန်းမှု၊ ကလေး မိန်းမ ဘာညာအခွင့်အရေး လည်းချောင်းကွဲအောင် နေ့တဓူဝ အော်နေဟစ်နေကြတယ် ဒါပေမယ့် ပါးသွားတဲ့ အိုဇုန်းလွှာ ပေါက်ပြဲမသွားအောင် ပေါက်ပြဲနေတဲ့ အိုဇုန်းလွှာ ဒီ့ထက်ပိုကြီးမသွားအောင် ၀ိုင်းကြပါ၊ ၀န်းကြပါ၊ ကာကွယ်ကြပါဆိုတော့လည်း လက်သည်တရားခံ စူပါ ပါဝါက အိပ်ချင်ယောင်၊ ရူးချင်ယောင်ဆောင်နေတယ် အဲဒီအတွက်လည်း ဘုရားသခင်ခမျာ ရင်တမမနဲ့ မျက်ရည်ကျရပြန်တယ်။
အနုပညာစစ်စစ်ရဲ့ လိုအပ်ချက်က တစ် - စိတ်ကူးစိတ်သန်း နှစ် - အလှအပ သုံး - အမှန်တရား တဲ့ ပြီး ... ... ကိုယ်ပိုင်နိုင်ငံတခု အခိုင်အမာမရှိခဲ့ရင် အဲဒီလူမျိုးရဲ့ ယဉ်ကျေးမှုဟာလည်း မရှင်သန်နိုင်ဘူးတဲ့ လစ်သူရေးနီးယန်း အနုပညာရှင် ဂျူးတွေကို အစတုံး မသတ်ဖြတ်ခင် 'ဂတ်တို' မှာ ဖိနှိပ်သူ နာဇီဗိုလ်က နတ်စကားပြောခဲ့တာ အဲဒီအတွက်လည်း ဘုရားသခင်ငိုတယ်။
ငိုတယ် ... ၂၁ ရာစုမှာ ဘုရားသခင် ရှိုက်ကာငင်ကာ ငိုတယ်၊ အမုန်းမီးတွေ မငြိမ်းနိုင်သေးတဲ့ ဂျေရုဆလာမ်အတွက် ငိုတယ်၊ အာဖဂန်၊ အီရတ်ပြည်သူတွေအတွက် ငိုတယ်၊ ၉-၁၁ အတွက် ငိုတယ်၊ ဟိမ၀န္တာတောင်တန်းကြီးကို ပုတ်ပုတ်ပြီး ဧရာဝတီမြစ်ကြီးကို လှုပ်လှုပ်ပြီး ငိုတယ်။
အဲဒီလို ... ဘုရားသခင်ခမျာ နေ့မအား ညမအား ငိုနေရရင်းက (ဘယ်လူလွန်မသားတွေ စတန့်ထွင်လိုက်သလဲမသိပါဘူး) မကြာခင်မှာ ကမ္ဘာကြီးပျက်မတဲ့ ဒါဆိုရင် ... အရာရာကို ဖန်ဆင်းတယ်ဆိုတဲ့ ဘုရားသခင်ခမျာ ဘုမသိ ဘမသိ တရားခံဖြစ်ရတော့မယ်ပေါ့ ဒါနဲ့ ဘုရားသခင်ဟာ သူ့ငိုချင်းကို ရပ် ကြောင်းကျိုးဆက်စပ်စဉ်းစားရင်းက ဒီကနေ့ ကမ္ဘာကြီး လိုအပ်နေတာ တော်လှန်ရေးစစ်စစ်နဲ့ တော်လှန်ရေးသမားစစ်စစ်တွေပဲဆိုတာ သူ သဘောပေါက် လက်ခံသွားတော့တယ်၊ အဲဒီက စလို့ပေါ့ ... ဘုရားသခင်ရဲ့ ငိုကြွေးသံသည်လည်း နားနား ခြားခြားပြီးမှ ထွက်ပေါ်လာတော့တယ် ။ ။
ကမာပုလဲ ၂၉၊ ၀၅၊ ၂၀၁၀ |
No comments:
Post a Comment