မောင်ပီတာအတွက်ဆုံးမစကား
ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊ ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊ ဘုရားသာသနာ၊ ခေတ်အခါဝယ်၊ လူ့ရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊ အမိုက်မခြွေ၊ အလိုက်နေ၍၊ အခြေမကြီး၊ အချည်းနှီးလျှင်၊ ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည်း။ သန်းခေါင် လကွယ်၊ တောအုပ်လယ်၌၊ ရှစ်နယ်ပတ်ကုံး၊ အပြည့်ဖုံးသည်၊မိုးလုံးတိမ်တိုက်၊ လျှပ်မကြိုက်သား၊ အမိုက်အပြား၊ အင်လေးပါးထက်၊ နင်ကားရာထောင်၊ မကမှောင်၏။ လူ့ဘောင် လူ့ရွာ၊ သာသနာ၌၊ ကြမ္မာတော်၍၊ ယခုတွေ့လည်း၊ အလေ့မလွဲ၊ အများနဲလျှင်၊ မိုက်မဲနှင်နှင်၊ မိုက်စရွှင်၏။ မျက်မြင်လောက၊ ဤဘ၀ကား၊ ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏။ သေမင်းအစာ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင့်ပူး၍၊ အရူးပြင်ပြင်၊ နင့်ကိုယ်ထင်၏။ နင်နှင့်မဆိုင်၊ နင်ပိုင် မဟုတ်၊ နင့်ရုပ် နင့်နာမ်၊ နင့်သန္တာန်ကို၊ နင့်ဉာဏ်မစူး၊ အပေါ်ဖြူး၍၊ မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊ နေ့ရက်အပုံ၊ လွန်ခဲ့တုံပြီ။ အာရုံဝတ္ထု၊ မီးစာစုကို၊ မှုမှုရရ၊ နင်အားကျလည်း၊ ဓားပြသေမင်း၊ သူ့တပ်နင်းက၊ မငြင်းဆန်သာ၊ နင့်ခန္ဓာသည်၊ ပြာပုံအပြီး၊ ဖြစ်လုနီးပြီ။ ယီးတီးယားတား၊ သေ၍သွားလည်း၊ တရားမကြွယ်၊ အထုပ်ငယ်လျက်၊ အပါယ်စခန်း၊ သွားမြဲ လမ်း၌၊ တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်၊ တငြင်ငြိုငြို၊ ဆင်းရဲပိုလျက်၊ ထိုထိုဘ၀၊ အနန္တလျှင်၊ အစမဆုံး၊ အများထုံးတည်း၊ အနှုန်းမပျက်၊ အောက်နရက်ဝယ်၊ တသက်နွယ်နွယ်၊ အမြစ်တွယ်သို့၊ အပါယ်ထိုထို၊ ဥဒဟိုသည်၊ နင်လိုလူမိုက်၊ သွားလမ်းတည်း။ |
No comments:
Post a Comment