 | ဒါတို့ပြည်
ဇေယျ
ကျွန်တော် မနှစ်က (၁၉၅၃ ခုနှစ်၊ အောက်တိုဘာလ) ဤချိန်တွင် လန်ဒန်မြို့သို့ ရောက်နေသည်။ တစ်နေ့သောအခါ နံနက်ပိုင်းတွင်သာ အလုပ်ရှိလျက် ညနေပိုင်းတွင် အလုပ်မရှိသဖြင့် လန်ဒန်မြို့ အနောက်ပိုင်း အမှတ် (၁) ရပ်ကွက်၊ ချာလ်စ်-စတရိလမ်းရှိ မြန်မာသံရုံးသို့ သွားရောက်၍ ၀င်နေကြဖြစ်သော ဦးမောင်မောင်ကြီးနှင့် သခင်လူမင်းတို့ အခန်းထဲသို့ ၀င်၍ ထိုင်လေသည်။ ရန်ကုန်က စာများ ရောက်သလား။ နောက်ထပ် မြန်မာသတင်းစာများ ရောက်သလား။ မေးမြန်းပြီး တောင်ကြည့် မြောက်ကြည့် ကြည့်မိရာ သခင်လူမင်း၏ စားပွဲနောက်နံရံတွင် ကပ်ထားသော မြန်မာ့အလင်း ပြက္ခဒိန်ကို သွား၍ မြင်မိလေသည်။
`အောက်တိုဘာလ ၂၄ ရက် သီတင်းကျွတ်လပြည့်နေ့´ ဟု မြင်လိုက်ရသည်နှင့် တစ်ပြိုက်နက် ထိုအချိန်တွင် ငါတို့ ရန်ကုန်တွင် ည ၇ နာရီခွဲ ရှိပြီ။ သီတင်းကျွတ်မီးတွေ ထိန်ထိန်လင်းနေရော့မည်။ ကလေးတွေ ၀တ်ကောင်းစားလှတွေ ဆင်ယင်၍ လက်ထဲတွင် ဖယောင်းတိုင်ကလေးများ၊ ငှက်ပျောသီးကလေးများ၊ မုန့်ကလေးများကို ကိုင်လျက် တစ်အိမ်ဆင်း၊ တစ်အိမ်တက် လူကြီးမိဘများကို ကန်တော့နေကြရော့မည်ဟု တွေးလိုက်မိရာ ရင်ထဲတွင် ဆို့တို့တို့ ဖြစ်လာလေသည်။ ဟယ် ငါ ငယ်ငယ်ရွယ်ရွယ်မှ မဟုတ်ဘဲ ဒီစိတ်မျိုးတွေ မပေါ်ကောင်းဘူးဟု စိတ်ကို ချုပ်တည်းကြည့်သည်။ မရချေ။
သို့နှင့် ရုတ်တရက် ထိုင်ရာမှ ထကာ မည်သူ့ကိုမှ နှုတ်မဆက်ဘဲ အခန်းတွင်းက ထွက်လာခဲ့လေသည်။ သခင်လူမင်းနှင့် ဦးမောင်မောင်ကြီးတို့မူကား ဤသို့ ရုတ်တရက်ထ၍ ထွက်သွားသည်ကို အံ့အားသင့်၍ ကျန်ရစ်ကြမည်လား မပြောတတ်ချေ။ သံရုံးအပြင်ရောက်၍ အလင်းရောင်ကလေးထဲသို့ လျှောက်လာရသောအခါ စိတ်အနည်းငယ် သက်သာသလိုလို ရှိလေသည်။
စိတ်က ဟိုတယ်သို့ ပြန်မည်ဟု ကြံမိသည်။ သို့သော် ဟိုတယ်ရှေ့သို့ရောက်သောအခါ ဟိုတယ်အခန်းထဲတွင် ကိုယ့်တစ်ယောက်ထဲဝင်၍ ထိုင်နေလျှင် တောင်တွေး မြောက်တွေးနှင့် ပို၍ ဆိုးတော့မည်ဟု တွေးကာ စိတ်ပြေလက်ပျောက် ရုပ်ရှင်တွေ လျှောက်ကြည့်နေတာ ကောင်းမည်ဟု ကြံပြီးလျှင် ဂရင်းပတ် ဥယျာဉ်ထောင့်က ဘတ်စ်ကားကို တက်၍ တော်တမ်ဟမ်-ကုတ်ရုတ် လမ်းသို့ လာခဲ့လေသည်။
ပီကာဒီလီ၊ အောက်စဖို့ စတရိ၊ ရီးဂျင့် စတရိ စသော လမ်းကြီးများကို ဖြတ်၍ အသွားတွင် တောင်ကြည့် မြောက်ကြည့်နှင့် သီတင်းကျွတ် လပြည့်နေ့အကြောင်းကို မေ့ပျောက်သွားသလောက် ရှိလေသည်။ `တော်တမ်ဟမ်-ကုတ်ရုတ်´ သို့ ရောက်သောအခါ ထမင်း မဆာ စဖူး ဆာလာ၍ အသင့်ပဲ ဟု တွေးကာ `စိန်-ဂျိုင်း-ဟိုင်-စတရိ´ လမ်းတွင် ရှိသော ဒေါ်မြစိန်၏ `နယူးဘားမား´ထမင်းဆိုင်သို့ သွားရောက်လေသည်။ သုံးနာရီကျော်လောက် ရှိပြီဖြစ်၍ လူအတော် ရှင်းနေသည်။ ထိုင်နေကျ ချောင်ကလေးတွင် ထိုင်ကာ ထမင်းတစ်ပန်းကန်နှင့် ကြက်ဥဟင်း တစ်ပန်းကန်တို့ကို မှာ၍ စားလေသည်။ ဆာနေ၍လား မသိ၊ တော်တော် အရသာရှိသည်။ သုံးလေးလုပ်မျှ စားပြီး မော်၍ ကြည့်လိုက်မိရာ ပန်းတွေ တဝေေ၀နှင့် ဘုရားစင်ကလေးကို သွား၍ မြင်ရလေသည်။ ငိုင်၍ သွားမိ၏။ သီတင်းကျွတ် ဆီမီးရောင်ကလေးတွေ ခေါင်းထဲထိုးဝင်လာကြ၏။ ထမင်းစားချင်စိတ် ပျောက်သွား၏။ နောက်ထပ်ဇွန်းနှင့် ခရင်းကို မကိုင်တော့ဘဲ ငွေချေပြီးလျှင် ထလေသည်။ ကျွန်တော်နှင့် မိတ်ဆွေဖြစ်နေသော `၀ိတ်တာ´ ကလေးက စိုးရိမ်သော မျက်နှာနှင့် `တော်ပြီလား-၀ပြီလား-စားလို့မကောင်းဘူးလား။ ဘာဖြစ်သလဲ´ ဟု မေးသဖြင့် ကျွန်တော်လည်း သူစိတ်သက်သာအောင် တစ်ခွန်းနှစ်ခွန်း ပြောပြီး ထွက်လာခဲ့လေသည်။ လန်ဒန်မြို့တွင် နောက်ထပ် တစ်မိနစ်မျှ မနေတော့ဘဲ ရန်ကုန်သို့ ညချင်းအရောက် ပြန်လိုသော ဇောများသာ ပေါ်ပေါက်လာလေသည်။
အချိန်မှာ ညနေ ၄ နာရီလောက် ရှိသေးသည်။ ဘယ်ကို သွားမလဲ။ ရုပ်ရှင်ကြည့်မလား။ မကြည့်ချင် ဟိုတယ်ပြန်မလား။ မပြန်ချင်။ ဘာလုပ်မလဲ။ မသိ။ လျှောက်မိလျှောက်ရာကိုသာ လျှောက်လာခဲ့လေသည်။ လျှောက်ရင်း ဘေးနားကို ကြည့်လိုက်သောအခါ `ချဲရင်းကရော့စ်´ လမ်း၊ စာအုပ်အဟောင်းဆိုင် တစ်ဆိုင်ရှေ့သို့ ရောက်နေသည်ကို တွေ့ရလေသည်။ စာအုပ်ဝယ်ချင်စိတ်မပေါ်။ သို့သော် စာတစ်အုပ်ကို ဆွဲ၍ ကြည့်လိုက်ရာ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းတွင် ဖတ်ခဲ့ရသော `ဆာဝဲလ်တာစကော့´ ဆိုသူ စီကုံးထားသော `The Lay of the Last Minstrel´ အမည်ရှိသော ကဗျာစာအုပ်ဖြစ်နေသည်ကို တွေ့ရလေသည်။ ထိုစာအုပ်မှာ အင်္ဂလိပ် သက္ကရာဇ် ၁၈၁၁ ခုနှစ်၊ လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာ့လေးဆယ်ကျော်လောက်က ပုံနှိပ်သော စာအုပ်ဖြစ်၍ အဖုံးနှင့် အနားသားများ ဟောင်းနွမ်းလှပြီ ဖြစ်လေသည်။ ထိုကဗျာမှာ ကျွန်တော်တို့အတွက် မထူးဆန်းလှချေ။ သို့သော် စာအုပ်ကလေးကို ကြိုက်သည်နှင့် ၀ယ်ယူခဲ့၏။
ညနေ ၅ နာရီခွဲလောက်တွင် ဟိုတယ်သို့ ပြန်ရောက်၏။ ထိုနေ့ တော်တော်ကလေး အေးသည်။ အခန်းထဲတွင် ကပြာကယာ အ၀တ်အစား လဲ၊ အနွေးထည်များကို ၀တ်၊ မီလှုံရန် ဓာတ်မီးဖိုကို နှိုးပြီး၊ ဆိုဖာပေါ်တွင် ထိုင်ကာ ၀ယ်လာခဲ့သော စာအုပ်ကလေးကို တစ်ရွက်စီ လှစ်ကြည့်ရာ၊ တစ်နေရာတွင် အောက်ပါ ကဗျာလေးကို တွေ့မိလေသည်။
Breathes there the man with soul so dead Who never to himself hath said, This is my own, my native land! Whose heart hath ne'er within him burned, As home his footsteps he hath turned From wandering on a foreign strand! If such there breathe, go, mark him well; For him no minstrel raptures swell;
High though his titles, proud his name, Boundless his wealth as wish can claim Despite those titles, power, and pelf, The wretch, concentred all in self, Living, shall forfeit fair renown, And, doubly dying, shall go down To the vile dust from whence he sprung, Unwept, unhonored , and unsung.
ကျောင်းတွင် နေစဉ်က ဤကဗျာကလေးကို နှုတ်တက် အာဂုံကျက်မှတ်ခဲ့ရ၏။ ဆရာများပြောပြသော အဓိပ္ပါယ်ကို ကြားနာခဲ့ရ၏။
(ဤကဗျာ၌ ဆိုလိုရင်းမှာ အဝေးရပ်သို့ သွားလာရာက ကိုယ့်ဇာတိ ရပ်ဌာနကို ပြန်လာတဲ့အခါ ဒါတို့ပြည်၊ ဒါတို့မြေလို့ စိတ်တွင်းမှာ လှုံလှုံတက်ပြီး ပေါ်မလာတဲ့လူဟာ၊ ဘယ်လောက်ပဲ ချမ်းသာ၊ ဘယ်လောက်ပဲ ဂုဏ်ရှိ၊ ဘယ်လောက်ပဲ ကျော်စောကိတ္တိရှိပေမယ့် ဒီလူလောက် အသက်မဲ့ဖြစ်နေတဲ့လူ လောကမှာ မရှိဟု ဆိုလေသည်။ ဤကဗျာကလေး မြန်မာဘာသာဖြင့် ထိထိမိမိ ပြန်ဆိုပြသင့်၏။ သို့သော် ထိုကဗျာ၌ ရှိသလောက်သော အဓိပ္ပါယ်ကို ရရမိမိ ပြန်ဆိုရန် မလွယ်ကူချေ။)
သို့သော် ကျောင်းသားဘ၀က သဘောကောင်းကောင်းမပေါက်ခဲ့၊ ထိုအချိန်၌မူကား ကိုယ့်စိတ်က အလိုက်သင့် ဖြစ်နေ၍လားမသိ၊ တစိမ့်စိမ့်နှင့် စိတ်ဝင်စားမိလေသည်။ အရသာကို ခံစားရလေသည်။
ကိုယ့်ဇာတိ မြန်မာပြည်ကလေးမှာ သူများတိုင်းပြည်များနှင့် စာလျှင် မကြီးလှ။ သို့သော် `ဒါတို့ပြည်၊ ဒါတို့မြေ´ ဟူသော အသံများကို ကြားရသောအခါမူကား၊ ကျွန်တော်တို့အတွက် ဘယ်တိုင်းပြည် ဘယ်လောက်ကြီးတယ် ဆိုဆို ကိုယ့်တိုင်းပြည်လောက် အဖိုးမတန်ဟု ထင်လာလေသည်။
ထိုစာအုပ်ကလေးမှာ ကျွန်တော့်အတွက် မြန်မာငွေ တစ်ကျပ်ခွဲလောက်သာ ကျ၏။ သို့သော် မြန်မာပြည်သို့ စာတိုက်မှ တင်ပို့ပေးရန် မှာထားသော အခြားစာအုပ်များနှင့်အတူ စိတ်ချလက်ချ ပါဆယ်ထုပ်ထဲ မထည့်လိုက်နိုင်။ ကိုယ်တိုင် တစ်ပွေ့ပွေ့ တစ်ပိုက်ပိုက်နှင့် မြန်မာပြည်သို့ အရောက်ဆောင်ကြဉ်းခဲ့ပေ၏။
(ေဇယ်) |
No comments:
Post a Comment