မွန် နှင့် ဟင်္သာ မွန်တိုင်းရင်းသားများ အမြတ်တနိုး၊ အလေးအနက်ထားခဲ့ကြသော အမျိုးသား အမှတ်အသားသည်၊ ဟင်္သာပင်ဖြစ်သည်။ အခမ်းအနားများတွင် ဟင်္သာတံဆိပ်၊ ဟင်္သာရုပ်ထုများကို အလေးအနက်ဖော်ပြကြသည်။ ဘုန်းတော်ကြီး ကျောင်းများ နေအိမ်များတွင် ဟင်္သာရုပ်ထုများကို အမြတ်တနိုး ချိတ်ဆွဲထားလေ့ရှိကြသည်။ ဟသာင်္ကို မွန်တိုင်းရင်းသား အမှတ်အသား အဖြစ်ထားခဲ့ကြသော သမိုင်းကြောင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ မွန်ရာဇဝင်တွင် ရှင်တော်ဂေါတမ မြတ်စွာဘုရား ဘုရားဖြစ်တော်မှုပြီး (၈) ဝါမြောက်တွင် ဂဝံသတိထေရ် ပင့်ဆောင်ချက်အရ၊ ရဟနာ ၂ သောင်းခြံရံလျက် ဒေသစာရီ ကြွချီတော်မူရာတွင် သမုဒ္ဒရာအလယ် ရေစစ်ချိန်၌ ၂၃လံရှိ ကျောက်ဆောင်ကြီးတဆောင်ကို တွေ့ရှိတော်မူရာ၊ ဘုရားရှင်က ငါဘုရားပရိနိဗ္ဗာန်စံလွန်တော်မူပြီး၊ နှစ်ပေါင်း၉၀ဝတွင် သည်နေရာ၌ အလွန်စည်ကားဝပြောသော တိုင်းပြည်တပြည် ဖြစ်ပေါ်လာ လတံဟု ဗျာဒိတ်ပေးတော်မူလေသည်။ ယင်းကျောက်ဆောင်သည် ရေပြည့်ချိန်တွင် အနည်းငယ်မျှသာ ပေါ်ထွန်းနေလေရာ၊ ရွှေအဆင်း ကဲ့သို့ရှိပြီး လှပသော ဟင်္သာမောင်နှံ နှစ်ကောင်သည် ခိုနားစရာ နေရာကွက်ကွက်ကလေးသာ ရှိသဖြင့် အထီးသည် အောက်မှနားကာ အမသည် ဟင်္သာထီး ကျော ပေါ်၌ နားနေသည်ကို တွေ့ရှိရသည်ဟုဆိုသည်။ ထိုကျောက်ဆောင် နေရာမှာ ကာလရွှေပြောင်းပြီး ကုန်းခေါင်ခေါင် ဖြစ်လာချိန် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တွင် သာမလ၊ဝိမလ စတင်စိုးစံသောအခါ ဟင်္သာဖိုမတွေ့ရခြင်းကို အစွဲပြုကာ ဟံသာဝတီဟု ခေါ်တွင်ခဲ့လေသည်။ မွန်တိုင်းရင်းသားများသည် ဟင်္သာကို လေးစားမြတ်နိုးကာ မွန်အမျိုးသားအထိမ်းအမှတ် အဖြစ်သတ်မှတ်ခဲ့ပါသည်။ |
No comments:
Post a Comment