စာနာတတ်သူတို့အလွမ်း
တလှိုက်လှိုက်ပြို မြစ်ကမ်းပါးပေါ် ရွာမေးတင် အိမ်ကလေးကိုယ်တိုင်က ခယိုးခယိုင် အဖေအမေတို့ ပိုင်ခဲ့ကြသော ရိပ်ဆာယာ " မေတ္တာတရား " သည်သာ မိသားစုပိုင် တခုတည်းသော "ဥစ္စာ"။
လေလွင့်သူပဲပြောပါတော့အမေ တစ်ဆယ့်လေးနှစ်သားလေးနဲ့ကျောင်းစပြေးတဲ့ကောင် အသက် လေးဆယ်မှာ ကိုယ့်မြေကို စုံကန်ခဲ့ပေါ့ နောက်ကျရခြင်းများအတွက် စိတ်မသက်သာစရာများ ငါးဆယ် နီးလာတော့လည်း " လူကြီး " ဖြစ်မလာသေးဘူးအမေ။
မိုးခြိမ်းသံကြောက်ရ ဖားအော်သံကြောက်ရ မိုးရွာတော့လည်း ပျော်တတ်ပြန်သေး ကျနော်ဟာ လူ သူစိမ်းတယောက်ရဲ့အကြည့်ကို မခံဝံ့သူ မုန်တိုင်းတွေကို အတွင်းအောင်ခြင်းနဲ့သာ ရယူလိုသူ တခါတခါ စိတ်အယားပြေကိစ္စ ငယ်အိပ်မက်ကိုဖွာထုတ်လိုက် မျိုချလိုက် တခါတခါ အချင်းချင်းတွေကိုပဲ ပတ်ရမ်းရရမ်းရ " ရသ " ကိုတောင် ဆယ်ယူနေရတာ အလုပ်တခုလို။
ခုလောက်များဆို အိမ်ကလေးကိုရေတိုက်စားသွားပြီလား အမေအိုကတော့ ဆည်းဆာမှာ တဖြည်းဖြည်းမြှုပ်နစ်ရရှာတော့မည် ငါ သူတပါး အများ ဒီလိုသာ ကူးခတ်ကြရ ကိုယ်ချင်းစာတရားထွန်းကားသူတို့ရဲ့အလွမ်းမှာ အရုဏ်ဦးထွန်းညှိမယ့်မီးတိုင် ဆုပ်ဆုပ်ကိုင်ကိုင် မလွတ်စတမ်း။ ။
ခင်လွန်း ဇွန်၊ ၁၀ရက်၊ ၂၀၀၄ |
No comments:
Post a Comment