အပျင်းပြေဆိုပြီး မောင်လွမ်းဏီကို သတိတရ
စားကျက်ထဲ အုပ်စုလိုက်သင်းကွဲနေတဲ့ သိုးအုပ်တွေကြားတရွေ့ရွေ့ နေ့များ ညတွေက ဆင်ခြေအမှားတွေနဲ့ညားလို့
အပျင်းပြေဆိုပြီး တနေ့နေ့ တနေရာရာက မိုးကုပ်စက်ဝိုင်းဆီကို မှန်းဆ စက္ကူနဲ့လေယာဉ်ရုပ်ချိုးကြ
အပျင်းပြေဆိုပြီး သက်ကယ်မိုး၊ ၀ါးထရံကြား အလှမွေးထားတဲ့ငါးလေးတွေ စုန်ချီဆန်ချီ
အပျင်းပြေဆိုပြီး လူစုကြ ဘောလုံးကန်ကြ၊ ခြင်းခတ်ကြ အထိမ်းအမှတ်နေ့ တက်ရောက်ကြ မိန့်ခွန်းပြောကြ
အပျင်းပြေဆိုပြီး ရည်းစားထားကြ၊ လမ်းသလားကြ ရေဒီယို နားထောင်ကြ နိုင်ငံရေးစာပေ လိုက်စားကြ နာမည် အလွတ်ကျက်ကြ
တကိုယ်လုံး အစားခံရဖို့ တဘ၀လုံး အသားတိုးပေးခဲ့ရ ၀က်တကောင်ရဲ့ဘ၀ လူကိုယ်တိုင်က လူ့အခွင့်အရေးစာအုပ်တွေ ပြန်ဖတ်နေရ
အပျင်းပြေဆိုပြီး ရွာပုန်းကြ၊ ရွာရှောင်ကြ ခြေပြတ်ကြ၊ လက်ပြတ်ကြ အဖေမဲ့ကြ၊ သားပျောက်ကြ တောရောက်ကြ၊ တောင်ရောက်ကြ
ရယ်ရတယ်နော် မောတော့ရယ်တယ် ရယ်တော့ မမောတော့ဘူး မောမောရယ်ရယ်ပေါ့ဗျာ
သေနတ်တလက်ရဲ့အဓိပ္ပာယ်ကတော့ မောင်းခလုတ်ကိုဖြုတ်တဲ့ လက်ညှိုးတချောင်းနဲ့သာ သက်ဆိုင်ခဲ့ပါတယ်။ ။
(၁၂၊ ဒီဇင်ဘာ ၊ ၂၀၀၆) |
No comments:
Post a Comment