တဆင့်စကားများ မောင်လွမ်းဏီ
ညဆို နွေရနံ့နဲ့ ချော့သိပ်လို့ မအိပ်တဲ့ အတိတ်တွေ ကမ်းဆိပ်မှာ သောင်တင်နေတာမျိုး။
နေ့ဆို တံလှပ်တောကြောင်တွေ ရွှေသမင်လုပ်တတ်တဲ့ ခပ်ရိုးရိုးဇာတ် စတစ်ကာ ကပ်ခွာ ဆိုပေမယ့် တခါသုံးမျိုး။
မနေ့က ဘ၀တွေ ကျိုးကြေခဲ့တဲ့အကြောင်း ဒီနေ့လောက် အပူကဲပေမယ့် ရေသောက်ချင်စိတ် ကုန်ခမ်းနေသလိုမျိုး။
လေဟုန်စီးတတ်တဲ့ လက်ပံပွင့်တွေကို သုတေသနလုပ်ကြမယ် လက်ပံပွင့်ကို ရှာမတွေ့ဘူး ဆိုပါလား မဆီမဆိုင် လက်ပံသား ဓားနဲ့ ချိုင်နေကြသလိုမျိုး။
ရေဘူးနဲ့ ထီးမပါလည်း နွေအကြော နောကျေသူတွေပါပဲ ကြည့်လေ ကန်ရေခြောက်မှ အိုင်ပျက် ငါးကောက်နေကြသလိုမျိုး။
တနှစ်မှာ တခေါက်လောက် ရောက် ရောက် လာတတ်တဲ့ ဥသြငှက်ကလည်း ထစ် ထစ် အ အ ချိုးကူသံကလည်း အစ် အစ် ဖွ ဖွ နွားကျောင်းသားရဲ့ လောက်စလုံးကတော့ တစ်တစ်ခွခွပေါ့လို့ ပြောနေကြသလိုမျိုး။
အညာမြေလတ်မှာပါ ဒီရာသီဖွားတွေ မြွေပွေး မြွေဟောက်ဆို အရေခွံခြောက်တောင် မီးတင်ပစ်ဖို့ ကြိမ်းမောင်းလိုက် တယောက်ပြီးတယောက် ပိုးထိလိုက် ဆိုသလိုမျိုး ...။ ။
မောင်လွမ်းဏီ ၉-၃-၂၀၁၁ |
No comments:
Post a Comment