မှိုတက်ခြင်း ည/မနက်များ
လက်ကြားထဲက ဆေးလိပ်တို ညဉ့်နက်ကြီး လေလံဆွဲသွားတုန်း ခပ်ပျော့ပျော့လေညှင်းက လမင်းနဲ့ပေါင်းပြီး ငါ့ကို ဈေးကစားခဲ့တာလေ
ပဲ့နေတဲ့ညတာတွေ (ငါမဟုတ်တဲ့) အရုဏ် မိုးမလင်းခင် တစ်စက္ကန့်ကို အိပ်မက် မက်ကြည့်နေတယ်
မလွဲချင်လို့ ဆွဲတင်ထားတဲ့စိတ်ဓါတ် ဗီဇပါတာကြောင့် ပီယ၀ါစာတွေလဲအသုံးမတည့် မမြဲချင်လို့ ဖဲကျဉ်ခဲ့တာတွေက မှိုတက်ငရုပ်သီးကို ယိုထိုးထားသလို ပိဏ္ဍပါတ်လိုက်နေတဲ့ ဘ၀တွေက ပက်လက် ဘိုင်ကျနေတဲ့နေ့တွေထဲ လွတ်မြောက်ရက်ကို သောင်းသောင်းဖြဖြကြိုဆိုလျက်ရှိပါကြောင်း
ပယင်းရောင် ပင်လယ်ထဲရွက်လွင့်တုန်း ခက်ခက်ခဲခဲတည်ဆောက်ခဲ့တဲ့ အိပ်မက်တချို့ လှိုင်းမူးနေခဲ့ အချိန်ဘယ်လောက်ရှိပြီလဲ? မနက်ဖြန်ဘာနေ့လဲ?
ခေါက်ရိုးကျိုးနေတဲ့ ညနေစောင်း မြို့  ပြက ထုံးစံအတိုင်း မီးခိုးအူလွန်းတဲ့ ယာဉ်တချို့ ကို လမ်းဟောင်းကြီးထဲ မောင်းသွင်းနေတုန်း နားအူနေတဲ့ စင်တင်ဆိုင် ဆင်ဆာမဲ့ သီးသန့်အချိန်များနဲ့ အနမ်းတစ်ပွင့်ဟာ ကန့်လန့်ကာနောက်မှာ ဒေါ်လာဈေးတွေနိမ့်နေခဲ့ သီချင်းဟောင်းကြီး ချွေးတပြိုက်ပြိုက်ကျနေပါတယ်
နုပျိုဆဲ ညတွေဟာ အမှောင်ဝင်ဖို့ အစစ အရာရာ ပြင်ဆင်ရင်း မနက်ခင်းအထိ ခရီးဆက်လျက်...။
နေမျိုးထက် |
No comments:
Post a Comment