ငါတို့ရေးမယ့် ငါတို့သမိုင်း
ဗရုတ်သုတ်ခ
အရှုတ်အပွနဲ့
ပေါက်တတ်ကရဖြစ်ချင်ဖြစ်မယ်။
သွေးသံတရဲရဲ
ချွေးသံတရွှဲရွှဲနဲ့
ပင်ပန်းချင်ပင်ပန်းမယ်။
ငြီးငြူသံမစဲ
ဒုက္ခမိုးရေထဲ
လမ်းလျှောက်ရင်လျှောက်ရမယ်။
ဆုံးရှုံးခြင်း
နာကျင်ခြင်းတွေနဲ့
ငိုညည်းခြင်းအချိန်တွေရှိချင်ရှိမယ်။
ဒါပေမယ့်
တစ်ခုတော့ရှိလိမ့်မယ်..
...........
အချိန်ကာလတွေကြား
တိုက်စားခံဖို့လား..
ဝါးမြိုခြင်းခံရဖို့လား..။
မရေမရာမသေမချာတဲ့
ခြောက်အိမ်မက်တွေထဲ
လမ်းပျောက်ခံဖို့လား...။
လူတိုင်းအတွက်
စာအုပ်အလွတ်ကိုယ်စီရှိမယ်။
ရေးစရာမှင်တော့မရှိဘူး။
နှလုံးသွေးစက်
ပန်းထွက်လောက်အောင်
အနာခံပြီးရေးချင်ရေး..။
ပေါ့ပေါ့ပါးပါး
ခရီးသွားရင်း
ဟေးလားဝါးလားနဲ့ရေးချင်ရေး..။
မျက်ရည်မျက်ခွက်
သောက်ရှက်မဲ့နှလုံး
အရှုံးသမားလိုရေးချင်ရေး..။
ရေးချင်ရာရေး
ရေးပိုင်ခွင့်ရှိတယ်။
အဖိုးသမိုင်းကို
အဖေဖတ်ဖြစ်လိမ့်မယ်။
အဖေ့သမိုင်းကို
သားဖတ်လိမ့်မယ်။
သမိုင်းတစ်ခုစီရဲ့တန်ဖိုးကို
ဖတ်တဲ့လူပဲသိနားလည်မယ်။
တန်ဖိုးဖြတ်သတ်မှတ်မယ်။
ဘယ်သူမှမရေးဘူး
ကိုယ့်သမိုင်းကိုယ်ရေးရလိမ့်မယ်။
စိုးထက် |
No comments:
Post a Comment