ရွာလိုရွာလော့ မိုးနတ်သား
ဓနိယ နွားကျောင်းသားဆို၏။ ငါသည် ထမင်းချက်ပြီးပြီ။ ဤမဟီမြေကမ်းပါး၌ အပေါင်းအသင်းတို့ နှင့် ငါနေ၏။ တင်းကုပ်ကိုမိုးပြီးပြီ။ မီးကိုညှိပြီးပြီ။ ရွာလိုရွာလော့ မိုးနတ်သား။
ဘုရားသခင်ဆိုတော်မူ၏။ ငါ့တွင် အမျက်မရှိ။ ငြောင့်တံသင်းလည်းကင်း၏။ ဤမဟီမြစ်ကမ်းပါး၌ တညတာမျှ ငါနေသည်။ ငါ့တင်းကုပ်သည် အမိုးဟင်းလင်းဖြစ်၏။ ငါ့မီးသည် ငြိမ်းသတ်ပြီးဖြစ်၏။ ရွာလိုရွာလော့ မိုးနတ်သား။
ဓနိယ နွားကျောင်းသားဆို၏။ ဤအရပ်၌ မှက်၊ ခြင်၊ ယင်ရဲတို့မရှိ။ ရေကြည်ရာ မြက်နုရာ၌ ငါ့နွားများ ကျက်စားကြသည်။ မိုးကြီး ရွာလည်း သူတို့ခံနိုင်ရည်ရှိကြပါ၏။ ရွာလိုရွာလော့ မိုးနတ်သား။
ဘုရားသခင်ဆိုတော်မူ၏။ ငါသည် ဖောင်ကိုကောင်းစွာဖွဲ့ ၍ ဝဲဩဃကိုဖြတ်ကူးကာ တဖက်ကမ်းသို့ ရောက်ခဲ့ပြီ။ ငါ၏အဖို့ ဖောင်ကုတို့ သည် မလိုတော့ ရွာလိုရွာလော့ မိုးနတ်သား။
ဓနိယ နွားကျောင်းသားဆို၏။ ငါ့မယားသည် ငါ့အလိုသို့ လိုက်၏။ တည်ကြည်၏။ ငယ်ပေါင်းကြင်ဆွေဖြစ်၏။ သူ၏အကြောင်း မကောင်းသတင်း ငါမကြားရ။ ရွာလိုရွာလော့ မိုးနတ်သား။
ဘုရားသခင်ဆိုတော်မူ၏။ ငါ့စိတ်သည် ငါ့အလိုသို့ လိုက်၏။ ကိလေသာမှ လွတ်မြောက်ခဲ့၍ ကြာရှည်စွာ ပွားများအပ်သည် ကောင်းမွန်စွာ ဆုံးမအပ်သည် ဖြစ်သောကြောင့် ငါ့အား မကောင်းမှုမရှိတော့ပြီ။ ရွာလိုရွာလော့ မိုးနတ်သား။
ဓနိယ နွားကျောင်းသားဆို၏။ ငါသည် ကိုယ်ပိုင်အလုပ်ဖြင့် အသက်မွေး၏။ ငါ့သားသမီးတို့ သည် ငါနှင့်အတူနေကြ၏။ ကျန်းမာသန်စွမ်းကြ၏။ သူတို့အကြောင်း မကောင်းသတင်း ငါမကြားရ။ ရွာလိုရွာလော့ မိုးနတ်သား။
ဘုရားသခင်ဆိုတော်မူ၏။ ငါသည် သူခစားမဟုတ်။ ရအပ်သောအစွမ်းဖြင့် ခပ်သိမ်းသောလောကတွင် ငါလှည့်လည်၏။ ငါ့အဖို့  အခကြေးငွေမလိုတော့။ ရွာလိုရွာလော့ မိုးနတ်သား။
ဓနိယ နွားကျောင်းသားဆို၏။ ငါ့မှာ နွားသိုးပေါက်များ ရှိ၏။ နို့ စို့ နွားငယ်များရှိ၏။ ဇီးနှင့်နွားမများလည်းမရှိ။ ရှေ့ဆောင်လမ်းပြ နွားလားဥဿဘလည်းမရှိ။ ရွာလိုရွာလော့ မိုးနတ်သား။
ဓနိယ နွားကျောင်းသားဆို၏။ ချည်တိုင်ငုတ်တို့ ကို ခိုင်မြဲစွာစိုက်ပြီးပြီ။ ဖြူဆံမြက်ကြိုးသစ်တို့ကို ကောင်းစွာကျစ်ပြီးပြီ။ ကြိုးသစ်တို့ ကို နွားငယ်တို့ သည်လည်း မဖြတ်နိုင်ကုန်။ ရွာလိုရွာလော့ မိုးနတ်သား။
ဘုရားသခင်ဆိုတော်မူ၏။ နှောင်ကြိုးကိုဖြတ်၍ လွတ်မြောက်သောနွားကဲ့သို့  နွယ်ကြိုးကိုဖြတ်၍ လွတ်မြောက်သောဆင်ကဲ့သို့  ပဋိသန္ဓေနေခြင်းမှ ငါလွတ်မြောက်ပြီ။ ရွာလိုရွာလော့ မိုးနတ်သား။
ထိုခဏ၌ ကုန်းကိုလည်းကောင်း ကျင်းကိုလည်းကောင်း ပြည့်လျှမ်းစေလျက် မိုးကြီးသည်းစွာ ရွာ၏။ မိုးသံကိုကြားသောအခါ ဓနိယသည် ဤစကားကိုဆို၏။ ဘုရားသခင် ဖူးမြင်ရ၍ ငါတို့ အဖို့  ကျေးဇူးများစွ။ မျက်စိသခင် ကျေးဇူးရှင်။ အသျှင်ဘုရားကို ကိုးကွယ်ရာဟူ၍ ကျွန်ုပ်တို့ ဆည်းကပ်ပါ၏။
မုနိသနင်း ရဟန်းမင်း အသျှင်ဘုရားသည် ကျွန်ုပ်တို့ ၏ ဆရာဖြစ်တော်မူပါလော့။ ကျွန်ုပ်တို့ လင်မယားသည် အသျှင်ဘုရားထံတော်ပါး၌ မြတ်သောအကျင့်ကို ကျင့်လိုကြပါ၏။ တဖက်ကမ်းသို့ ကူးမြောက်ကာ ဆင်းရဲ၏အဆုံးကို ပြုလိုကြပါကုန်၏ဘုရား။ ။
မင်းသုဝဏ် (၂၊ ၃၊ ၁၉၇၁) အင်းလျားကန်သို့ အိုကုတို့ ကဗျာစာအုပ်မှ |
No comments:
Post a Comment