Saturday, 30 July 2011

Psychology of love (အချစ်စိတ်ဆိုင်ကိုလိုဂျီ)

created the doc: "         Psychology of love (အချစ်စိတ်ဆိုင်ကိုလိုဂျီ)"
Ko Lynn created the doc: " Psychology of love (အချစ်စိတ်ဆိုင်ကိုလိုဂျီ)"

အချစ်သည် အများအားဖြင့် တဏှာနှင့်ရောပြွမ်းလျက်ရှိတတ်၏။တစ်ထောင့်ငါးရာ ကိလေသာသည် အခါများစွာ အချစ်၏ရေသောက်မြစ်ကြီး ဖြစ်တတ်လေသည်။

သို့သော်လည်း ၎င်းကိလေသာ တဏှာစိတ်သည် အချစ်ဟူသမျှ၌ အခါခပ်သိမ်း သိသိသာသာ မထင်ပေါ်တတ်ချေ။သို့မထင်ပေါ်သော်လည်း ထိုကိလေသာ စိတ်သည် အတွင်းစက်လှည့်၍ နေတတ်လေသည်။

အချစ်ကိုငွေနှင့် ၀ယ်၍မရချေ။လူတစ်ယောက်က အခြားတစ်ယောက်အား စိန်ရွှေပစ္စည်း စသည်တို့ကို ပေးကမ်းသဖြင့် အပေးခံရသူက ပေးသူကိုချစ်တတ်သော်လည်း ထိုအချစ်သည် တကယ်အချစ်မဟုတ်၊ကျေးဇူးကြောင့် ထောက်ထားလေးစား နှုတ်ခမ်းများမှာချစ်သောအချစ်မျှ ဖြစ်လေသည်။

တကယ်ချစ်ခင်သော စိတ်သည်ကား တစ်စုံတစ်ရာကိုမျှ မပေးကမ်းဘဲလျက် ချစ်နိုင်လေသည်။

သားနှင့်အဘ၊အမေနှင့်သမီး၊ညီမနှင့်အစ်မ၊ညီနှင့်အစ်ကိုတို့၏ ချစ်ခြင်းမှာ ငါးရာနှစ်ဆယ့်ရှစ်သွယ်သော မေတ္တာစိတ်နှင့်ချစ်ကြသော်လည်း အဘနှင့်သမီး၊အမေနှင့်သား၊မောင်နှင့်နှမ တို့၏ အချစ်မှာမူကားငါးရာနှစ်ဆယ်ထဲတွင် ထောင့်ငါးရာစိတ်ကလေးမကင်းဘဲ ပါဝင်တတ်လေသည်။သို့သော်လည်း အများအားဖြင့်မသိမသာပါဝင်၍ တစ်ခါတစ်ခါသိသိသာသာကြီး ပါတတ်လေသည်။

သို့ဖြစ်သောကြောင့် အဖိုနှင့်အမ ချစ်ခြင်းဟူသမျှမှာထောင့်ငါးရာပင်ရင်းလည်း မကင်းမရှင်း ထိမိတို့မိလျှင် မရှင်းမလင်းအောင် ကမြင်းကြောထောင်တတ်လေသည်။

ထိုကမြင်းကြောသည် သွေးရင်းသားရင်း စပ်ကြား၌မထင်ရှားလှသော်လည်း မောင်နှမအရင်းမှ ၀မ်းကွဲဖြစ်၍သွားသည့်အခါ သိသာထင်ရှား ငြိစရာအသွင်ကိုပွားစေတတ်လေ၏။

ယောက္ခမ ယောင်္ကျားကြီးသည် အများအားဖြင့် ချွေးမနှင့်တည့်သဖြင့် သမီးရင်းချာပမာ ရင်သွေး၊ဘ၀င်နွေးအောင် ချစ်ရေးပိုမိုတတ်လေ၏။ယောက္ခမ မိန်းမသူကြီးများမှာမူကား သားမက်ကို အသက်လိုချစ်သော၊အသည်းညှာမှာချာချာမွှေအောင်အချစ်ကြိုးနှောင်တတ်လေသည်။ထိုထက်သာ၍

ထင်ရှားသော အရာမှာမူကား ခယ်မနှင့်ခယ်အို ဖြစ်တတ်လေရာ မကြာမကြာ တွဲလို၊နွဲ့လိုသော အစွဲပိုတတ်ကြသဖြင့် ခဲအိုဟာခဲအိုးဖြစ်ကာ ခယ်မမှာ ခဲမ အဖြစ်သို့တစ်တစ်ခွခွ ရောက်တတ်ကြသည်ကို မကြာခဏကြားရဖူးလေသည်။

၎င်းအချစ်၌ထူးဆန်းသောအရာမှာ ပျိုရွယ်နုနယ် အသက်ငယ်သော တစ်ဆယ့်လေးငါးနှစ်သား၊တစ်ဆယ့်နှစ်သမီး ယောင်္ကျားပျို၊မိန်းမပျိုကလေးများ အချင်းချင်းချစ်ကြသည့်၎င်းတို့၏ အချစ်သည် အလွန်တရာ သန့်ရှင်းအပြစ်ကင်းလျက် နှစ်ယောက်အတူနီးနီးကပ်ကပ် စကားပြောဆို၍နေရလျှင် ကျေနပ်လျက်နိဗ္ဗာန်ကိုနီးကပ်၍နေကြလေသည်။

၎င်းတို့၏စိတ်၌ တစ်ယောက်၏မျက်နှာကိုတစ်ယောက်ကြည့်ကာ ချစ်၍သာနေချင်၏။ထိုထက်ပိုမိုသော ပလီပလာ၊မသတီ စရာ၊ကလီကမာစိတ်မျိုး များစွာပေါ်ပေါက်မှုမရှိချေ။ဤကား ကျွန်ုပ်တို့ငယ်ရွယ်စဉ်က

စိတ်နှင့်နှိုင်း၍ ပြောရခြင်းမျှဖြစ်လေရာ ယခုကာလ နောက်ပွားနောက်ပေါက်ယောက်ျားနောက်နောက်ကလေး

များနှင့် အချိန်ပေးတတ်စွာသော မိန်းကလေး ရှပ်ပလာတို့မှာမူကား ခေတ်အလျောက် တတ်ရှာ၊နပ်ရှာကြသဖြင့် ကပ်ခါများ နှူးကြလျှင် စူးစူးရှရှ ချစ်ကြိုက်၍ သွားတတ်သည်ဟု ကြားရဖူးလေသည်။

ထို့ပြင် ငယ်သူတို့၏အချစ်နှင့် ကြီးသူတို့၏အချစ် ခြားနားပုံမှာ အသက်နှစ်ဆယ်မကျော်သေးသော ငယ်ရွယ်သူတို့သည် မျက်နှာလှလှကလေးကိုမြင်၍ ချစ်တတ်လေရာ ထိုထက်ကြီး၍ လူလားမြောက်သည့်အခါ ယောက်ျားသည် မိန်းမမျက်နှာကို ကြည့်၍ ကြိုက်သည်ထက် မိန်းမ၏ ခါး၊တင်၊ရင်ဘတ်၊အဟိုက်အကျ၊အလျော အတက်၊အတင်းအပြည့်တို့ကိုကြည့်ကာ ချစ်ကြိုက်တတ်လေသည်။

တစ်ရံတစ်ခါ အရွယ်ကောင်းစွာ မရောက်သေးသော ယောက်ျားကလေး မိန်းကလေးတို့သည် မိမိတို့ ထက် အနှစ်အစိတ်နှစ်ဆယ် ပို၍ ကြီးသူများကို တိတ်တဆိတ်ကြိုက်၍ နေတတ်ကြလေသည်။

ဥရောပတိုင်း၌ မင်းသားတစ်ပါး မင်းမြောက်တန်ဆာကို ဆင်ကာ သရဖူကိုဆောင်းလျက် ထွက်တော်မူ သည်ကို အသက် ၁၂ နှစ်အရွယ်ရှိသောမိန်းကလေးတစ်ယောက်က မြင်ရသဖြင့် သရဖူကို ဆောင်းသော ထို မင်းသား၏ မျက်နှာသည် မိမိ၏မျက်လုံးထဲမှ မထွက်ဘဲ စွဲလမ်း၍နေလေ၏။ထိုကဲ့သို့ ရူပါရုံဖမ်းစားခြင်းကိုခံ၍ နေရခိုက်မှာ ထိုမင်းသားသည် အခြားမင်းသမီးတစ်ပါးနှင့် ထိမ်းမြားသည်ဟုကြားရသောအခါ ဆယ့်နှစ်နှစ်အ ရွယ် သူငယ်မလေးမှာ ရင်ကွဲနာကျ၍ သေရှာလေသည်။

ထိုကဲ့သို့ လူမမယ် အရွယ်မရောက်သူတစ်ဦးက ယောက်ျားကြီးများကို တိတ်တဆိတ် ကြိုက်၍နေခြင်း များ၌ ထိုကလေး၏ အချစ်သည် ကိလေသာနှင့်မကင်းသော်လည်း ကိလေသာအမျှင်ကို ဆောင်ရန် ကိုယ်အင်္ဂါ မရင့်သန်သေးသဖြင့် ကိလေသာစိတ်သိသိသာသာ မထင်ရှားချေ။၎င်းတို့၏ စိတ်၌ မိမိတို့ချစ်သောမိန်းမကြီး ယောက်ျားကြီး၏ ပွေ့ပိုက်ယုယခြင်းကို ရင်ခွင်၌ ခံ၍နေရလျှင် နိဗ္ဗာန်လောက် မှတ်ထင်ကာ ကျေနပ်၍ နေတတ် လေသည်။

အချစ်သည် မြောက်ပင့်ခြင်းကို သဘောကျ၏။သို့ဖြစ်သောကြောင့်

"ဘရဏီတစ်မျိုး မှတ်လောက်ပါရဲ့၊တန်ခိုးရှင်လျှပ်အသွင်၊ မိုးနတ်ဟုကျုပ်ထင်သည်၊

အဟုတ်ပင်စံရှား၊တောပျော်မွေ့ အာသင်္ကာလို၊ကြာပင်မှာ ဖွားရော့သလား၊

အဖိုးထိုက် စိန်ရတီဆင်သည်၊သိင်္ဂီဝင်ရွှေသား၊ကိန္နရီအသွင်သွေမခြားပါဘူး၊

မေတစ်ပါးဖြစ်အင်၊ယှဉ်ပြိုင်ရန် ဇမ္ဗူတစ်လျှောက်တွင်ဖြင့်၊တူနှစ်ယောက်ရှိမည်မထင်။

အလှဆုံးဆန်းမော်ယဉ်သည်၊ကျမ်းတော်တွင်ပုံသာမှတ်ရလျှင်လှ၊ဥမ္မာနတ်ပျို့သက်ပင်၊

ကဲလိမ့်မည်ထင်၊ရွှေကုန်မြို့နဂရာတစ်ခွင်မှာ၊လှဘုရင်ခေါင် ချုပ်မို့လေး"

စသည်ဖြင့် မြှောက်ပင့်တေးထပ်များကို ရှေးပညာရှိတို့ ရေးစပ်ကြလေသည်။ သို့ဖြစ်သောကြောင့်

အပျိုထွတ်ထွတ် လှလှကလေးကိုဖြစ်စေ၊အအိုရွတ်ရွတ်တွတွ ကွေးကွေးကိုဖြစ်စေ၊အလှနှင့်ပတ်သက်၍ မြှောက်ပင့်ပြောဆိုလျှင် ကိုယ့်ဘက်ကိုပါတတ်လေသည်။

အဘွားတို့ငယ်ငယ်တုန်းကဖြင့် သိပ်ချောမှာပဲ။အခုတောင် အပျိုနဲ့မလဲသေးဘူး။ အဘွားဆံပင်က ပိတုန်းရောင်၊ မျက်ခုံးကလေး မှောင်မှောင်၊ဆန်းသစ်လမျက်လုံးလေးတွေက ၀ိုင်းစက်လှ၊အဘွားတင်ပါးက

ကြွကြွကလေး၊ခြေသလုံးကလေးက ချောလိုက်တာ၊နှာတံက အပေါ်ကြီးပါကလား၊လက်ခြေများကလည်း

ပြေပြစ်ပါဘိ သနဲ့ အဘွားရယ်၊ အဘွားငယ်ငယ်တုန်းကများ ကြုံတွေ့ရရင် အခက်သားပဲ......စသည့် စကားမျိုးနှင့်နှူးတတ်ရင် အမယ်အို မနူးမနပ်မှာအရူးကပ်ပြီး မူးမတတ် ချစ်တတ်လေသည်။ အချစ်ဆိုသည်မှာ အခါနှင့်နေရာအားလျော်စွာ တိုးတတ်လေသည်။

မိုးတွင်းအခါ လေတွေမိုးတွေ၊ လျှပ်စစ်မိုးကြိုးတွေ ထန်သဖြင့် စိတ်ငယ်သောမိန်းမပျိုသည် အခန်း၌ စောင်နှင့်ထွေးပြီး၊ကွေးကွေးကလေး ပု၍နေသည့်အခါ နှူးတတ်သောယောင်္ကျားနှင့်တွေ့ချေက နူးလွယ်နပ်လွယ်တတ်လေသည်။ဤလိုဖြစ်ခြင့်သည် အခြားကြောင့်မဟုတ်။မိန်းမများမှာ အာပေါဓာတ် လွန်ကဲသူများ ဖြစ်လေရကား အာပေါဓာတ် မိုးလေလှုံ့သည့်အခါ ကိုယ်စိတ်မှာ မိုးအုံ့ကာညိုမည်း၍လာတတ် ခြင်း ဖြစ်လေသည်။

ရေလမ်းခရီး သင်္ဘောစီး၍သွားကြသည့်အခါ သင်္ဘောပေါ်၌ ယောက်ျားနှင့်မိန်းမ အသိအကျွမ်းဖြစ်ကြ လျှင်လည်း ချစ်လွယ်ကြိုက်လွယ်ကြသည်ဟု ရှေးလူကြီးများက ပြောကြလေသည်။ဤသို့ဖြစ်ရခြင်းမှာကား အများအားဖြင့် စိတ်လက်ကြည်လင် ပျော်ရွှင်နေခြင်းကြောင့် ဖြစ်ဟန်တူလေသည်။

မေးထဲမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။



No comments:

Post a Comment