ရောဂါနံပတ် (၉၇)
"ကျော်ဝင်း နေမကောင်းလို့တဲ့"
အပြောပြ ခံလိုက်ရတဲ့ ကျုပ်မျက်နှာဟာ ချက်ချင်း ဆိုသလို အိုသွားမိတယ်။ စိတ်ထဲမှာလည်း အအိုက်ကြီး အိုက်သွားမိတယ်။ ကြည့်စမ်းပါဦး။ ကိုအောင်ရွှေတို့များ သူနဲ့ မဆိုင်တဲ့ အတိုင်းပဲ။ သူ့ဇာတ် မဟုတ်တဲ့ အတိုင်းပဲ။ သူ့စီးပွားရေး မဟုတ်တဲ့ အတိုင်းပဲ။ သူ့မှာ အပူအပင် မရှိတဲ့ အတိုင်းပဲ။ ဒါများ ဇာတ်ဆရာတဲ့။ ဇာတ်ပိုင်ရှင်တဲ့။
ပျက်ခဏ မျက်နှာနဲ့ လှည့်ထွက်သွားပြီ။ ကျုပ်အပေါ် တာဝန် လုံးလုံးလျားလျား ပုံချသွားခဲ့ ပြီ။ "ဆရာသမား ဘာသာ ဆရာသမား မဖြစ်ဖြစ်အောင် ကြည့်ကျက်စီစဉ်လိုက်ပါတော့ဗျာ" ဆိုတဲ့ သဘောတဲ့လား။ ဟိုဘက်ထိပ်ရောက် အောင်တောင်မှ ဖြတ်လျှောက်ပြရဲတာ မဟုတ် ဘူး။ မတောင်းကောင်းတဲ့ ဆုကိုသာ တောင်း လိုက်ချင်တော့ရဲ့။
ပွဲတော်မှာ ၀မ်းဖြစ်လို့၊ ကျန်းမာရေးနဲ့ မညီ ညွတ်လို့ ဘာလို့ညာလို့ ဆိုပြီး သက်ဆိုင်ရာက ဒီညပွဲမိန့် ပိတ်လိုက်ရင် အကောင်းဆုံး။
ဒီအကွက်တော့ ဒီအကွက်ပါပဲ။ ဒါပေမယ့် မျိုးညွန့်ရှိန်နဲ့ တိုက်တဲ့ခိုက်တဲ့ နေရာမှာ ဒီအကောင် ငတူးကတောင်မှ ကျော်ဝင်းထက် "ဟန်" ပိုကောင်းနေသေးတယ်။ ရှောင်ပုံ တိမ်းပုံ ထိုးပုံ နှက်ပုံတွေက ပိုလှနေ သေးတယ်။ အလိုက်တသင့် ဖြီးတတ်ဖြန်းတတ် နေသေးတယ်။ စကားပြောတွေ ကျတော့လား။ နောက်ကနေ တစ်လုံးချင်း ထောက်ပေးရ တာပေါ့။ ဘယ်မထောက်လို့ ဖြစ်မလဲ။ စာကျက်လို့ ရနိုင်လောက်အောင် ဥာဏ်မှ မထက်တာ။ စာမှ မပြေးတာ။ မပြေးဆို ငတူးတတ်လှမှ သုံးတန်းလေးတန်းပေါ့။ ပြီး စာနဲ့ပေနဲ့ ဝေးခဲ့တာ ဘယ်လောက် ကြာပြီးမှန်းမှ မသိဘဲ။ စာလုံး တောင် ပေါင်းဖတ်တတ်တော့မယ် မထင်ဘူး။
နောက်ကနေ ထောက်ပေးတဲ့ အတိုင်းကျ တော့ တစ်လုံးမှ မမှားစေရဘူး။ မျက်နှာပိုး သေသေကြီးနဲ့ ကျုပ်ဘယ်ဖြောင့် တော့မှာလဲ။ ရေးလက်စ ဇာတ်ညွှန်းသစ် စာအုပ်ကလေး ခေါင်းအုံးအောက် ထိုးထည့် ထားလိုက်ရတော့တာပေါ့။ တကယ်ပဲ စိတ်ကူးစိတ်သန်း ပျက်လိုက်တာ။ အလုပ်မတွင် လိုက်တာ။ ပြီးရင် သူတို့ပဲ "ဇာတ်ထုပ်သစ် မတင် နိုင်သေးဘူးလား အာစရိ" လို့ အကြိမ်ကြိမ် အခါခါ နားပူနားဆာ တိုက်ကြဦးတော့မယ်။
ကျော်ဝင်းဆိုတဲ့ အကောင်ကလည်း ငတ် ကြီးက ကျမှကျ။ ကိုယ့်မှာ အစာအိမ်ရောဂါ ရှိတယ်ဆိုတာ သိလျက်သားနဲ့ အစားအသောက်ကို ဆင်ခြင်တာ မဟုတ်ဘူး။ သေချာတယ်။ ဒါ ပရစ်ကိုက်တာပဲ ဖြစ်ကိုဖြစ်ရမယ်။ မနေ့ညက နှစ်ပါးသွား ထွက်နေတဲ့ အချိန်မှာ ပရစ်တွေ တအား ကျတယ်လေ။ ဇာတ်ရုံနောက် ဖေး မီးချောင်းတွေ အောက်မှာဆို ခဲလို့ မဲလို့။ ပရစ်ကောက်တဲ့ အုပ်စုထဲမှာ ကျော်ဝင်းက ခေါင်း ဆောင်။ ကောက်ရင်းနဲ့ ဟေးလားဝါးလား အသံ တွေဆိုတာလည်း ဆူမှ ဆူ ပူမှ ပူ။ ဇာတ်ခွင် ပေါ်က နှစ်ပါးသွားထဲအထိ လွှမ်းပြီး အနှောင့်အယှက် ဖြစ်မှာစိုးလို့ ကျုပ်တောင် အိပ်ရာထဲက လူးလဲထပြီး ငေါက်ရသေးတယ်။
ပရစ်ကြော်စရာ ဒယ်အိုး ဘယ်ကရမယ်။ ထင်း ဘယ်ကရမယ်။ ဆီဘယ်က ရမယ်ဆိုတာ ကိုသာ ကျုပ်မသိ ရှိရမယ်။ နေမကောင်းလို့ ဆိုတဲ့ အသံကိုကြားရပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ဒါ အစာ အိမ်ရောဂါ ပြန်ထတာပဲလို့တော့ ကျုပ်အတပ် သိပြီ။ ဒါဆို ဒီအကောင် အိပ်ရာထဲမှာ လှိမ့်နေအောင် ခံပေဦးတော့။ ဆိုဒါမင့်တွေ ဘာတွေ မရရအောင် ရှာပေဦးတော့။ ဆရာဝန် မပင့်ရ ကံကောင်း။
တကယ်ပဲဗျာ။ ထွက်ပြီး ပြေးချင်လောက် အောင် စိတ်များ ညစ်ပါရဲ့။ အခုပဲ ညနေ (၃) နာရီ ခွဲနေပြီ။ ကျုပ်ဘာလုပ် ရမှာလဲ။ ဘယ်လို စီစဉ် ပေးရမှာလဲ။ ဒီနေ့ည တင်ဆက် ကပြမယ့် ပြဇာတ်က "ဖာတစ်လုံး ခေါင်းကျား"။ ညက နှစ်ပါးသွား ကရင်းနဲ့ မင်းသား ကိုယ်တိုင်လည်း ပရိသတ်ကို ကြော်ငြာလိုက်ပြီ။ တစ်နေကုန် မြို့ထဲမှာ ကြော်ငြာကား လှည့်တော့လည်း ဟွန်းတို ဟွန်း ရှည်တွေနဲ့ အော်ဟစ်ပြီးပြီ။ ဒီတော့ ဇာတ်ထုပ် ပြောင်းဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူး။ ချည်မိ ချုပ်မိနေပြီ။ တုပ်မိ နှောင်မိနေပြီ။
မျက်စိမှိတ်ပြီး ဇွတ်ပြောင်းကြည့်ပါလား။ ဒီဇာတ်အဖွဲ့ ခွေးလုံးလုံး ဖြစ်တော့မယ်။ ဒီပြဇာတ် မှ ဒီပြဇာတ် ကြည့်မယ်ဆိုပြီး ကြိုတင်လက် မှတ်တွေ ဖျာတွေ ၀ယ်ထားတဲ့ ပရိသတ် အဆဲ ခံရမှာ။ ခဲအပေါက် ခံရမှာ။ သြဘာ အပေးခံရမှာ က နောက်။ ကန်ထရိုက်နဲ့ ဖိုက်တင်ပလေးရမှာ က အရင်။
ကျုပ်မှာ မင်းသား ပူဆာလွန်းလို့သာ "ဖာ တစ်လုံး ခေါင်းကျား" ကို ကိုင်မိပါတယ်။ မဟာ ဒုက္ခတွင်းဆုံးကျတာ ဒီပြဇာတ်နဲ့ ကျမှ ထိပ်တိုက် လာတိုး ရတော့တာပါပဲ။ ရှာပြီး ကြည့်လိုက်ရတဲ့ ခင်မောင်၊ မေရီမြင့်တို့ရဲ့ ဖာတစ်လုံး ခေါင်းကျား ရုပ်ရှင် ဆိုတာလည်း အထပ်ထပ်။ ဖတ်လိုက်ရတဲ့ ဆရာကြီး ဦးဖိုးသင်းရဲ့ ဖာတစ်လုံး ခေါင်းကျား ၀တ္ထုဆိုတာလည်း အခေါက်ခေါက်။
ဇာတ်ညွှန်း ရေးရတော့လည်း ရုပ်ရှင်နဲ့ တစ်ဘာသာ ကွဲရအောင်၊ ၀တ္ထုသားနဲ့ အံမချော်ရအောင် အင်မတိ အင်မတန် သတိထားခဲ့ရတယ်။ ဇာတ်တိုက် ရတော့လည်း ခါတိုင်း ပြဇာတ်တွေလို ဆယ်ရက် ဆယ့်ငါးရက်နဲ့ ပြီးတာ မဟုတ်ဘူး။ တစ်လကိုးသီတင်း။ ဇာတ်လမ်းထဲမှာ တက္ကသိုလ် ပြည်လည်းပါ၊ သက်သာပြည်လည်းပါ၊ သလ္လာဝတီပြည်လည်းပါ၊ စမ္ပာနဂိုရ်ပြည်လည်းပါ ဆိုတော့ ရွေးလိုက်ရတဲ့ ဘုရင်တွေ၊ မိဖုရားတွေ၊ မင်းညီမင်းသား တွေ၊ မှူးတော် မတ်တော်တွေ၊ စစ်သည် ဗိုလ် ပါတွေ၊ မောင်းမမိဿံတွေ၊ ခြွေရံသင်းပင်းတွေ။ ဒီကြားထဲ ကလန်လို၊ သံပျင်လို ပုဂ္ဂိုလ်တွေလည်း ပါဆိုတော့ ဇာတ်ထဲမှာ ရှိရှိသမျှ မိတ်ကပ်လိုင်းက လူ ၆၀ ကျော် အကုန် ကုန်တော့တာပဲ။ အာဏာသား ပါးကွက်သား လိုဟာမျိုးတွေ ဆိုရင် ကားဆွဲ မီးထိုးထဲက လူတွေကို ရှိခိုးဦးတင် တောင်းတောင်းပန်ပန်နဲ့ ပွဲထုတ်ယူရတဲ့ အထိ။
ကျော်ဝင်း နေရာကလည်း သေးသေးကွေးကွေး မဟုတ်ဘူး။ မိန်းမှ မိန်း။ ရုပ်ရှင်ဇာတ်ကား ကြည့်ဖူးကြတယ် မဟုတ်လား။ မှတ်မိကြတယ် မဟုတ်လား။ သက်သာ ပြည့်ရှင် ဘုရင်မင်းမြတ်ရဲ့ သားတော်ကြီး မျိုးညွန့်ရှိန်ဟာ အဋ္ဌာရသ ၁၈ရပ် သင်ယူပြီးလို့ သုံးနှစ်သုံးမိုး ပြည့်တာနဲ့ တက္ကသိုလ်ပြည်က ပြန်လာတယ်လေ။ သူလမ်းခရီးမှာ ရှိတုန်း သူ့ ခမည်းတော် နတ်ရွာစံတော်မူတယ်။ ညီတော်မျိုးထွတ် တင်ဟာ နောင်တော်မျိုးညွန့်ရှိန် လာရာလမ်း တောတွေ တောင်တွေထဲအထိ ထွက်ပြီး ဆီးကြိုတယ်။ တကယ်တော့ မေတ္တာနဲ့ မဟုတ်ဘူး။ သွေးရိုး သားရိုး မဟုတ်ဘူး။ မောပန်းဆာလောင် လာမယ့် နောင်တော်ကို ကျွေးမွေးပြုစုမှာက အဆိပ်ပါတဲ့ ပွဲတော် စာအုပ်နဲ့။ ဘုရင်ဖြစ်ချင် တာကိုး။ ညီနောင်ချင်း မဆုံခင်မှာ မျိုးညွန့်ရှိန်ဟာ ဒွန်းစဏ္ဍားနဲ့ စတွေ့တယ်။ ရေအိုးစင်ကလေး တစ်ခုရဲ့ အနား သစ်ပင်ရိပ်ကလေး တစ်ခုရဲ့အောက်။
ရေကြည်တော် ပြတ်လာရှာတဲ့ မျိုးညွန့်ရှိန် ဟာ ရေကို အသင့် ရှိနေတဲ့ မှုတ်နဲ့ခပ်တယ်။ အရင်ရောက်နှင့်တဲ့ ဒွန်းစဏ္ဍားလည်း ဒီမှုတ်နဲ့ သောက်ထားမှာပဲ။ ရွံပေမယ့် မတတ်နိုင်တော့ ဘူး။ ဒါပေမယ့် နှုတ်ခမ်းရာချင်း မထိအောင် ဆိုတဲ့သဘောနဲ့ အများတကာ သောက်လေ့ သောက်ထ မရှိတဲ့ မှုတ်ရိုးဘက်ကနေ ပြောင်း ပြန်သောက်တယ်။ ဒါကို မြင်တော့ ဒွန်းစဏ္ဍားက ရယ်သွမ်း သွေးပါလေရော။ တုတ်တစ်ပြက် ဓားတပြက်နဲ့ ခုတ်ကြ ထစ်ကြတော့တာပေါ့။
ဓားခုတ် လှံထိုး ပညာတွေကို သင်လာခဲ့ တဲ့ တက္ကသိုလ်ပြန် မျိုးညွန့်ရှိန် မနိုင်ဘူး။ ရှုံး တယ်။ တစ်ဖက်က ညှာလိုက်လို့သာ သူမသေ တာ။ ဒွန်းစဏ္ဍားက သူ့ထက်ပိုပြီး ပညာသာနေ တာကိုတွေ့တော့ သူအံ့သြတယ်။ "ဘယ်က တတ်မြောက်ခဲ့တာလဲ"လို့ မေးတဲ့အခါ "လောက ဆိုတဲ့ ကျောင်းတော်ကြီးထဲက"တဲ့။ လောကကြီးရဲ့ ဆန်းကြယ်ပုံကို မျိုးညွန့်ရှိန်အဖို့ ပထမဦးဆုံး သတိပြုလိုက်မိခြင်းပဲ။ ဒီမှာတင် သူတို့နှစ်ယောက် မိတ်ဆွေဖြစ်သွားကြတယ်။
အဲဒါနဲ့ မရှေးမနှောင်းမှာ ပွဲတော်အုပ်ပိုက်ပြီး မျိုးထွတ်တင် ရောက်လာတယ်။ သူ့နောင်တော်ကို ပွဲတော်စာ တည်စေမယ့် အလုပ် ဒွန်းစဏ္ဍားက မသုံးဆောင်ဖို့ ဟန့်တားတယ်။ အဆိပ် ပါတယ်လို့လည်း အခိုင်အမာ ပြောတယ်။ ယုံကြည် အောင်ဆိုပြီး လက်တစ်ဆုပ်စာလောက် နှိုက်ပြီး ကြဲပြလိုက်တော့ စားမိတဲ့ ငှက်ကလေးခမျာ ချက်ချင်းပဲ သေပါလေရော့လား။
မျိုးထွတ်တင်က သူ့အကြံအစည်ကို ဖျက်ရ ကောင်းလားဆိုပြီး ဒွန်းစဏ္ဍားကို စတင်တိုက် ခိုက်တော့တယ်။ တစ်ပြိုင်နက် တည်းမှာပဲ အစာနဲ့ မသေရင် လက်နဲ့ သေစေရမယ်ဆိုပြီး နောင် တော့်ကိုလည်း တိုက်ခိုက်တယ်။ နောက်ဆုံးတော့ မျိုးထွတ်တင် ရှုံးပြီး လက်လွတ်ထွက်ပြေး သွားရတော့တာပေါ့။ ဒီမှာတင် သူတို့နှစ်ယောက် ပိုပြီး ရင်းနှီးသွားကြပြန်တယ်။
မျိုးညွန့်ရှိန်ဟာ "ဒီလောကထဲက တစ်အူ တုံစင်းပေမယ့် ညီတုညီယောင် တွေလည်း ရှိတတ် ပါလား။ ခုမှတွေ့တဲ့ သူစိမ်းတရံ ဆန်ပေမယ့် ညီ အရင်းထက် ကောင်းသူတွေလည်း ရှိတတ်ပါ လား" လို့ သိသွားခဲ့တယ်။ ဒါ့အပြင် လောက ကြီးထဲမှာ ဘယ်လို သင်ခန်းစာ ယူစရာတွေ ရှိသေးသလဲ ဆိုတာကို သိပ်သိချင်စိတ် ပြင်းပြလာ တယ်။ ဒါ့ကြောင့် တိုင်းတော်ပြည်တော်ပြန် အရောက်မှာ ဖခင် အရိုက်အရာကို မခံယူသေးဘဲ လောက သစ္စာတွေ ရှာဖို့အတွက် (ယုံကြည်စိတ်ချ ရတဲ့) (အသက်သခင် ကျေးဇူးရှင်လည်း ဖြစ်တဲ့) ဒွန်းစဏ္ဍားကို ခေတ္တခဏ ထီးနန်း လွှဲအပ်ထားခဲ့ ပြီး ထွက်တော်မူ နန်းက ခွာတော့တယ်။ အဲဒီမှာတင် ဒွန်းစဏ္ဍားဟာ နေမျိုးနွယ် ဆိုတဲ့ အမည် နာမနဲ့ ဘုရင် ဖြစ်လာတော့ တာလေ။
ကဲ အဲဒီ ဇာတ်ရုပ် ဘယ်လောက် အရေးပါ သလဲ။ စကား ပြောတတ်ရုံနဲ့လည်း မလုံလောက် ဘူး။ ဓားရေး၊ လှံရေးတွေ အတွက် သိုင်းပညာ ကျိုင်းပညာလည်း ပရိသတ်ကြည့်ပျော် ရှုပျော် ဖြစ်အောင် မတောက်တခေါက် တတ်ထားဦးမှ။ ဒါမှ မဟုတ် လေ့ကျင့်ထားဦးမှ။ ကိုင်း စဉ်းစားစမ်း။ အဲဒီ ဒွန်းစဏ္ဍား လုပ်တဲ့ ကျော်ဝင်းနေရာ အစားထိုးဖို့ လူဘယ်မှာလဲ။ ဘယ်သူ ရှိသလဲ။ သီချင်း တစ်ပုဒ်ထဲကလို "တကယ် တွေးဆတော့ကွယ်၊ မလွယ်ရေးချ မလွယ်" ဆိုတာ အခုမှ ကျုပ်အဖြစ်။ ဟင်း ဟင်း သေချင်စော် နံအောင်ကို မောဟိုက်ရပြီပေါ့။
မိတ်ကပ်လိုင်းထဲက ဘယ်သူ့ကို ပြောင်းပြီး ကခိုင်းရရင် ဖြစ်နိုင်မလဲ မင်းသားလတ် ကိုသာမောင်။ ဒွန်းစဏ္ဍားရဲ့ စကားပြော တွေကို ခုညနေ တွင်းချင်း "နုတ်" ပေးပြီး ကျက်ခိုင်းရင် နီးစပ် မယ် ထင်ပါရဲ့။ စာလုံးစေ့ မပြောနိုင်တောင် လိုရင်း အဓိပ္ပာယ် ရောက်အောင် သူ့သမ္ဘာနဲ့ဆို ပြောနိုင် လောက်ပါရဲ့။
ဓားခုတ် လှံထိုး။ ဒါလည်း မင်းသားနဲ့ ညှိပြီး နည်းနည်းပါးပါး လေ့ကျင့်လိုက်ရင် အဆင်ပြေသွားမှာပါ။ သူလည်း နောက်ပိုင်း ဇာတ်တော်ကြီးတွေ ထဲမှာ မင်းညီ မင်းသားနေရာက လိုက်လိုလိုက်ရ၊ သူပုန်သူကန် နေရာက ပါလိုပါရ ဆိုတော့ ခုတ်ဟယ် ထစ်ဟယ်နဲ့ အတော်အသင့် ယဉ်ပါးနေပြီပဲ။ ဒါပေမယ့် ဒါပေမယ့် လက်ရှိ သူ့ဇာတ်ရုပ် က ဖာတစ်လုံး ခေါင်းကျားဘ၀ ပြောင်းသွားတဲ့ မျိုးညွန့်ရှိန် အပေါ် သစ္စာကြီးစွာ လိုက်ပါစောင့် ရှောက်လိုပါလျက်နဲ့ စည်းသုံးတန် အတားခံရလို့ နေရစ်ခဲ့ရတဲ့ စစ်သူကြီး။ သူ့ဇာတ်ဝင်ခန်းမှာ လွမ်းအောင်လည်း ပြောရတယ်။ သနားအောင်လည်း လုပ်ရတယ်။ မလွယ်ဘူး။
ကဲ ကဲ ဒွန်းစဏ္ဍား နေရာ သူ့ကို ထားရင် သူ့နေရာကျတော့ ဘယ်သူ့ကို အစားထိုးမလဲ။ တစ်သမား နေရာမှာ နှစ်ကို အစားထိုးရင်၊ နှစ်သမား နေရာမှာ သုံးကို အစား ထိုးရတော့မယ်။ သုံးသမား နေရာမှာ လေး၊ လေး သမားနေရာ မှာ ငါး၊ ငါးသမား နေရာမှာ ခြောက်။ အို အစား ထိုးရင်း ထိုးရင်းနဲ့ ဇာတ်ထုပ်လည်း သပွတ်အူ ပေါက်ပြီး အဖတ်ဆယ် မရအောင် ပျက်တော့ ရေထဲမျှောပစ်လိုက်ဖို့ပဲ ရှိတော့မယ်။
ကျုပ်ကလည်း ဖျင်း ဖျင်းပါပေ့။ ညံ့ ညံ့ပါပေ့။ ဇာတ်ညွှန်းသာ ရေးတတ်တာ၊ ညွှန်ရုံသာ ညွှန်ပြတတ်တာ။ ကိုယ်တိုင်ကျတော့ ၀င်မကတတ်။ ပရိသတ်ရှေ့ ရုပ်လုံးပြရဲဖို့ နေနေသာသာ။ ဇာတ်ခုံရဲ့ ဒီဖက်ထိပ်ကနေ တသွေမတိမ်းပြော ချပစ်လိုက်တာပဲ။ ပရိသတ်ကလည်း ပါးသမှ လှပ်လို့။ ဘယ်နှစ်ပွဲ ဆက်ခဲ့ကြပြီ မသိဘူး။ ရိပ်မိဟန် တူပါရဲ့။ ပြုံးကြတယ်။ ရယ်ကြတယ်။ သူ ဘယ်လိုပဲ ခပ်တည်တည်ကြီးပြောနေ ပြောနေ၊ ရယ်စရာ မဟုတ်ဘဲနဲ့ကို ပတ်တုတ်လို့ မရနိုင် လောက်အောင် ပွဲကျကြတာ။ အဲဒီ ငတူးကို ကျုပ်ဘယ်က ရတယ် မှတ် သလဲ။
ဒီဇာတ်ထဲကပါပဲ။ ဒါပေမယ့် အဲဒီ အကောင်က မီးဘက်ကလည်း မဟုတ်ဘူး။ ဆက်တင် ဘက်ကလည်း မဟုတ်ဘူး။ ဆိုင်းဘက်ကလည်း မဟုတ်ဘူး။ တီးဝိုက်ဘက်ကလည်း မဟုတ်ဘူး။ မီးဖိုချောင်မှာ ရေခပ်၊ ထင်းခွဲ၊ မီးထိုးဖို့ ခေါ်ထားတဲ့ ကောင်ကလေး။ အသက်မှ ခပ်ငယ်ငယ်ပဲ ရှိသေးတယ်။ အလုပ်က ကြမ်းလို့ လူပုံက ရင့်နေတာ။
ဇာတ်မှာ ထမင်းဟင်းချက်ချိန်ဆိုတာ မနက်နဲ့ ညနေ (၂) ချိန်တည်းပဲ ရှိတာကိုး။ ချက်ရေး ပြုတ်ရေး တာဝန်ပြီးပြီ ဆိုရင် သူအားပြီ။ သူ့အတွက် အချိန်တွေ ပိုနေပြီ။ အဲဒီအခါမှာ ဟိုလူ့အိပ်ရာလည်း သူရောက်တာပဲ။ ဒီလူ့အိပ်ရာလည်း သူ ရောက်တာပဲ။ လူတကာကို နှိပ်ပေးဖို့ နင်းပေးဖို့။ ဆေးလိပ်ဝယ်၊ ကွမ်းယာဝယ်၊ လက်ဖက် ရည်ဝယ်၊ မုန့်ဝယ်။ ခိုင်းချင်တဲ့ သူခိုင်း၊ ဖင်ပေါ့တယ်။ ပေးတာယူ ကျွေးတာစား၊ တစ်ဇာတ်လုံး ရဲ့ ခိုင်းဖတ်။
အဲ သိုင်းကလေး ကျိုင်းကလေးတော့ တကယ့်ကို တတ်ပါ့။ လူကလည်း လက်ရုံး အားကိုးနဲ့ မိုက်တိမိုက်ကန်း။ ရုံနောက်ဖေးကနေ မင်းသမီး၊ ယိမ်းမသတွေကို ထိကပါး ရိကပါး လာစတဲ့လူတွေကို သူတစ်ယောက်တည်းနဲ့ ခံချခဲ့တာဆို နှစ်ကြိမ် သုံးကြိမ်လောက် ရှိပြီ။ သူ မရှုံးဘူး။ နိုင်တယ်။ သူများကိုများ ရိုက်ရ နှက်ရ သတ်ရ ပုတ်ရမယ် ဆိုရင် အင်မတန် သရဲမရဲ စီးတဲ့အကောင်။
ကျုပ်နှစ်ခါတောင်မှ မပြောလိုက်ရပါဘူ။ "ဟေ့ ငတူး ဒီညကျော်ဝင်းနေရာ မင်းဝင်လုပ် ရဲလား" ဆိုတော့ "လုပ်ရဲတယ်" တဲ့။ "စင်ပေါ် တက်ပြီး ခဏခဏ ကြည့်ထားလို့ မှတ်မိနေပြီ" လို့တောင်မှ အထွန့်တက်လိုက်သေး။ "မင်းမိတ်ကပ် လိမ်းတတ်လား" ဆိုတော့ "မလိမ်းတတ်ဘူး" တဲ့။ ဒါနဲ့ ကျုပ်လည်း သူ့ကို စိတ်ရှည်လက်ရှည် လိမ်းပေး၊ ၀တ်ပေး၊ ဆင်ပေးနိုင်မယ့် လူရွှင်တော် ငပေါ့်ဆီကို လွှတ်လိုက်ရတယ်။ သစ်မှ မရှိတော့ ၀ါးပဲ ပေါင်းကွပ်ရတော့ မှာပေါ့လေ။
အံမယ် ကြည့်စမ်း ကြည့်စမ်း။ မျိုးညွန့်ရှိန်က ထီးနန်းလွှဲခဲ့ပြီ။ နေမျိုးနွယ် အမည် ခံယူလိုက်ပြီ။ ဘုရင် ဖြစ်သွားပြီ။ ခေါင်းပေါင်းဖြူ ဖော့လုံးနဲ့ စလွယ်နဲ့၊ ထိုင်မသိမ်းနဲ့။ ဘော်ကြယ် ဖိတ်ဖိတ်တောက်တောင်ရှည်နဲ့၊ သံလျှက်နဲ့၊ ဘာနဲ့ညာနဲ့။ လက်နှစ်ဖက် ပိုက်ထားတဲ့ပြီး ခေါင်းကြီး တဆတ်ဆတ်နဲ့ ဂိုက်ခံ နေလိုက်တာမှ တယ်မိ။ နောက်ခံတီးလုံးကလည်း "ကျွန်းကျွန်း ပိုင်သ" ဘုန်းတော်ဘွဲ့နဲ့ စည်တော်ရွှမ်းပြီး ပို့ပေးနေတာ ဆိုတော့ သူ့အတွက် အမူအရာ လုပ်ဖို့၊ အက်တင် ခံဖို့ အကွက်ကောင်းကို ဆိုက်နေတော့တာပဲ။
သူ့ရှေ့တော်မှောက်က အခြွေအရံတွေ ဆို တာလည်း ခေါင်းမမော့်စတမ်း ၀ပ်ပြီး ခစားနေ ကြတာဆိုတော့ (ဇာတ်ညွှန်းအရ ဘယ်သူမှ မော့် ကြည့်ခွင့် ရှိတာမဟုတ်တော့) သူ့စိတ်ထဲ ထင်တဲ့ အတိုင်း ဆိုက်အမျိုးမျိုးနဲ့ အစွမ်းကုန် ကြဲနေ တော့တာပေါ့လေ။ "ကြိတ်လိုက်စမ်း ငတူးရေ" တဲ့။ အဲဒါ တိုင်ဖုံးကြားက ရင်တမမနဲ့ ချောင်းကြည့်နေတဲ့ ဇာတ်ဆရာ ကိုအောင်ရွှေရဲ့ အသံ။ _ _ _ အဲဒီည ပြဇာတ်အပြီးမှာ ငတူးဟာ မိတ် ကပ်တောင်မှ မဖျက်ဘူး ဆိုပဲ။ ပွဲဈေးတန်းထဲ အခေါက်ခေါက် လျှောက်သွားနေသတဲ့။ ပြန်ရောက်တော့လည်း မအိပ်ဘူး။ တော်နေကြာ မင်းသမီးတွေရှေ့ ရောက်သွားလိုက်၊ တော်နေကြာ ယိမ်းသမတွေ ရှေ့ရောက်သွား လိုက်နဲ့ လတ်လျားလတ်လျား လုပ်နေသတဲ့။
လူရွှင်တော်တွေက "ငတူးတို့များ သက်သာ ပြည်ရဲ့ အုပ်ကြီးလုပ်တာ သိပ်မှည့်တယ်မောင်" လို့များ မြှောက်ပေးလိုက်ရင် မျက်စိကို မဖွင့် တော့ဘူးတဲ့။ နှစ်ပါးသွားမထွက်ခင် မင်းသားဆီ ပန်းလာ ပေးကြ၊ မုန့်လာပို့ကြတဲ့ ဧည့်သည်တွေကိုလည်း သူနဲ့သိလည်း မသိဘဲနဲ့ "ဘယ့်နှယ့်လဲ။ ကျွန်တော် ဘုရင်ကြီးလုပ်တာ ကောင်းရဲ့လား" လို့ လိုက်လိုက်ပြီး မေးသတဲ့။
ထားပါ။ အဲဒါ သူ့ကိစ္စပါ။ လူတစ်ယောက်မှာ လွတ်လပ်စွာ တည်ခွင့် ကြည်ခွင့် ရှိသလို၊ လွတ်လပ်စွာ ရူးခွင့်၊ ပေါခွင့်လည်း ရှိတယ်လို့ ကျုပ်သဘောပေါက်ပြီးသားပါ။ ခက်တာက သိပ်ကို ခက်တာက ဘယ်ရုံပဲ ရောက်ရောက်
"ယနေ့ည ဖာတစ်လုံးခေါင်းကျား ပြဇာတ် တင်ဆက်ကပြပါမည်" လို့များ မကြေညာလိုက်နဲ့။ အဲဒီနေ့ နေ့ခင်း (သို့မဟုတ်)ညနေခင်းမှာ ငတူး တစ်ယောက် ကျုပ်ရှေ့မှာ ရစ်သီရစ်သီနဲ့ ရောက်လာပြီ။ မယောင်မလည်နဲ့ ၀င်ထိုင်ပြီ။ သူ့ ပြော တာလိုလို ကိုယ့်ပြောတာလိုလိုနဲ့ မဟတဟ ပွင့်ပြီ။ နားညီးအောင် လုပ်ပြီ။ "ကိုကျော်ဝင်းကြီး တစ်ယောက် နေမှ ကောင်းရဲ့လား မသိဘူးနော်"တဲ့။
ဝင်းစည်သူ (ပေဖူးလွှာမဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၀) |
No comments:
Post a Comment