ရင်ကြားစေ့ထားတဲ့ ညဟာ သူ့ ရင်ထဲ က လကို ခဏခဏ ထုတ်ထုတ်ကြည့်တယ်...။ ဒီလို လွမ်းရုံနဲ့  မပြီးသေးကြောင်းကြယ်လေးတွေ က ပြောတော့ ညဟာ ဖျော့တော့လို့ ....
အခု ဘာမှမဟုတ်သလို နဲ့  အခု ညနေဆို ကိုယ့် မျက်ရည် ကိုယ်ပြောပြလို့  မဆုံးနိုင်ဘူး မိမွန်
ငါဟာလေထဲ မှာ ချိတ်ဆွဲ ထားတဲ့ ငါး လား ?
ကြည့် ဖူးတဲ့ ရုပ်ရှင်ကားထဲမှာ တော့ စင်ဒရဲလားမင်းသမီးလေးဟာ ဖိနပ်မကျွတ်ခဲ့ပါဘူး...၊ အနည် မထိုင်တော့တဲ့ ငါ့စိတ်ဆန္ဒ များအတွက် နင်လည်ပြန်ငေးထားတဲ့ မျက်နှာလေး ခဏဖယ်ထားပေးပါ။
မဆိုင်လိုက်တာ မိမွန်ရယ်.... နင်နဲ့  ငါဟာ ပွင့်ဖတ်ခြင်းထိခတ်သွားတဲ့ ဆူညံမှုရယ်ပါ...
ငါတို့  သံယောဇဉ်ဟာ အသက်ကယ်ဆေး ထိုးပေးထားရတဲ့ ဓားသွား ၊ အချစ်နဲ့  စိုနေတဲ့ မျက်လုံး ၊ အလွမ်းနဲ့  အိမ်ဦးကြမ်းပြင် ။
ဘယ်လို လဲ မိမွန် ! ငါ့သက်တန့် တွေ အရောင်ဖျော့နေပြီလား ၊ ဘ၀ဆို တာ သွေးသားဖျော်ဖြေရေးစင်တာ ပေါ့ ၊ ငါမော့ကြည့်တယ် ည (၇) နာရီ အတိမှာ နင် မရှိဘူး ၊
ငှက်တွေ အိပ်တန်း ပြန်သွားပြီလို့ ပြောတော့ ငါ့လက်ထဲက ကဗျာ ဟာ လွတ်ကျ သွားတယ် ။
ငါ က ၀ရန်တာမှာ ချိတ်ဆွဲ မခံရခဲ့တဲ့ လှောင်အိမ်ခွံ ၊ ဒုတိယ လူ ပထမဆု ကို မျှော်လင့်သူ ၊ ဖြစ်ကြောင်း ကုန်စင်က စက္ကန့် တွေ ကိုခိုးသွားတယ် ၊ မေ့မရခြင်းတွေ ဓာတ်ခဲအားကုန်ပြီးကျန်ရစ်...။
မိမွန်တွေ ဘာကြောင့် လမ်းပေါ်မှာ ခြေကျင်းလိမ်နေတာလည်း.... ၊ မိမွန်တစ်ချို့  က မိမွန်တစ်ချို့  ကို ဖုန်းခေါ်နေတယ် ၊ မိမွန်တစ်ချို့  က မိမွန်တစ်ချို့ ရဲ့  ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတယ် ၊
မိမွန်တစ်ချို့  က မိမွန် တစ်ချို့  ကိုမျှော်နေကြတယ် ၊ မိမွန်တစ်ချို့  က မိမွန် တစ်ချို့  ဟာ..... ၊ မိမွန် ၊ မိမွန် ၊မိမွန်........။
ငါ့ စိတ်ထဲမှာ မီးခိုးငွေ့ တွေ ပဲရောက်ရောက်လာတယ် ... ဒီလို ပါ မိမွန် ငါ့ခေါင်းထဲမှာ ရေဒါ မမိတဲ့ ခပ်ညံ့ ညံ့ မြေပုံတွေ ရှိတယ် ၊ အစာမကြေဖြစ်နေတဲ့ သံလိုက်ဓာတ်တွေ ရှိတယ် ၊
ငါအစားမှားပြီး အန်ထုတ်လိုက်မိတဲ့ အရာဟာ အမှန်တရားဟုတ်သွားခဲ့သလား မိမွန် ။
မနက် အိပ်ရာနိုး လို့  နင့် နာမည်ကို မခေါ်မိဖို့  က နေ့ စဉ် သတိ လစ်နေတဲ့ ၀တ္တရား ။
အဲဒီမေ့ လျော့မှု ရဲ့  အပြစ်ဒဏ် ငါဘယ်တော့ ခံရမလည်း ၊ မျက်ရည် နဲ့ ကော်ဖီ ဘယ် သူ အမှန် ကိုသေချာ အောင်ရွေးချယ်နိုင်ခဲ့သလဲ ၊
အခု ငါ့အနားမှာ ဗလာစာရွက် တစ်ရွက် ... အဲဒီစာရွက် ထဲ က ရေးလက်စများဟာ ငါ့ လိပ်ပြာ ၊
ညဟာ အသက်ထွက်ဖို့  ခက်နေတဲ့ လူနာ ဆောင် ၊ ပုံပြင်ယောင်ဆောင်ထားတဲ့ နှင်းဆီ ၊
တံခါးတွေ အကုန်ပိတ်ပြီး တိတ်ဆိတ်စွာ ငါတွေးမိတယ် ....။
နင့်အိမ်ခေါင်းရင်း က မျက်နှာလွဲ ခေါင်းရမ်းတို့ နေကောင်းကြရဲ့ လား ၊ မီးခိုးရောင် အကြည့်တွေ ကိုလည်း သတိရတယ်လို့  ပြောပေးပါ ၊
ငါ ကတော့ သစ္စာတရား နဲ့ သံသယတွေ သင်ကြားနေတုန်းပဲ ၊ ငါပို့ လိုက်တဲ့  မျက်ရည်စို ပြက္ခဒိန်စာရွက်တွေ ရလား ၊
နင်ကနေနိုင်တယ်နော်... ဒဏ်ရာ တွေ တောင် အရင်လို မရက်ရောတော့ဘူး
ရက်စက်ခြင်းတွေရော ကျန်းကျန်းမာမာပဲလား ၊ လမ်းကြုံရင် ငါ့ ဆီ ၀င်ခဲ့ပါဦးလို့ 
ငါ အခု လည်း တစ် လမ်းမောင်းမှာ နေတယ် သိလား ၊ နွေ ရာသီမို့  ငါ့ ကျောင်းလေး လည်း ပိတ်ထားရတယ် ၊
အခု ဒီစာရေးနေတုန်း ငါ့ဘေး က အရိပ်ဆို တဲ့ ကောင်လေ အိမ်မက်ခေါင်လို့ ဆို ပြီး ကြယ်တွေ ထထ သောက်ပြီး မူးနေလေရဲ့ 
ငါ ကြားမိပါတယ် ငါ့ကို မေ့လျော့ ခြင်းသေတ္တာထဲ ထည့်ပြီး ရေစုန်မျောလိုက်ပြီ ဆိုတဲ့ သတင်း ငါကြားကြားချင်းနာ ကျင်ခြင်းနံပါတ်တွေ နှိပ်ပြီး နင့်ဆီဖုန်းခေါ်တော့
'' လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်း မှာ တစ်ကမ္ဘာခြားနေ ပါသဖြင့် ခေါ်ဆို မရနိုင်ပါရှင် '' ဆိုတော့
ငါလည်း တစ်ဘ၀လုံး ကို ဖုန်းခ အဖြစ်ပေးလိုက်တယ် ။
ငါလည်းဒီလို နဲ့ ပဲ အချိန်တွေ ကုန်သွားမယ်လို့ ထင်ရတာပဲ....ဒီလို နဲ့ ပဲ....ဒီလို နဲ့ ပဲ......ငှက်ကလေးတို့  အိပ်တန်းမှားကုန်ကြတယ် ။
နင့်ရဲ့  မုန်း လှစွာသော
''......ငဂျူလိုင်......''
No comments:
Post a Comment