"ယူနီဗာစတီ" ဟူသော အသုံးအနှုံးကို "တက္ကသိုလ်" ဟူုပြောင်းလဲပေးခဲ့သော် ၊ပထမဆုံးမြန်မာလူမျိုးပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်.. ဆရာကြီးသည် ထူးဆန်းစွာခရစ်ယာန် ဘာသာဝင်ဖြစ်သည်။။ သို့သော် -မောင်ထောင်သာသနာပိုင်ဆရာတော်၏ ရွှေတိဂုံဆံတော်ရှင်ဘုရားရှိခိုးထောမနာ ၁၂့ဂါထာ နှင့် ပထမရွှေကျင် ဆရာတော်ဘုရားကြီး၏၀ိစိတြ၀န္ဒနာ ဘုရားရှိခိုးဂါထာ(၇၅)ဂါထာအနက် (၅၅)ပုဒ် အင်္ဂလိပ်ဘာသာသို့ပြန်ဆိုပြီး ခဲ့ပါတယ်။
လယ်တီဆရာတော် မြန်မာပြန်ဓမ္မစက္ကပ၀တ္တနသုတ်နှင့် အနတ္တလက္ခဏသုတ် ကို အင်္ဂလိပ်ဘာသာပြန်ဆိုပေးခဲ့ပါတယ်။
ပါဠိအဌကထာ အုပ်ရေ(၅၀)ကို အင်္ဂလိပ်ဘာသာပြန်ဆိုရေးအဖွဲ့၌ အယ်ဒီတာအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
ဗုဒ္ဓ၀ံသအဌကထာကို ကုသိုလ်ဖြစ် ဘာသာပြန်ဆိုရန် တာဝန်ယူခဲ့သည်။
နောက်ဆုံး အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသနှင့် အနတ္တတရားတော် ဆွေးနွေးခဲ့သည်။ ဆရာကြီးမှာ ပါဠိဘာသာကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ရေးနိုင်ပါတယ်။။
ဦးဖေမောင်တင်သည် မြန်မာနိုင်ငံ ပထမ ပါမောက္ခ ဖြစ်သည်။ အသက် ၂၄ နှစ် အရွယ်တည်းက ပါမောက္ခဖြစ်ခဲ့သော ဦးဖေမောင်တင်သည် ငယ်စဉ်တည်းက မြန်မာတနိုင်ငံလုံးတွင် ပထမဆု နှင့် စကောလားရှစ်များရခါ ပညာထူးချွန်ခဲ့သည် ။ မြန်မာ့ယဉ်ကျေးမှု နှင့် ဓလေ့ထုံးစံကို မြတ်နိုးသောကြောင့် နိုင်ငံခြားဝတ်စုံကို ၀တ်ဆင်သော နိုင်ငံခြားသား ပါမောက္ခအများအပြားကြားတွင် ပုဆိုးတောင်ရှည် ၊ ရင်ဖုံးအင်္ကျီ၊ ခေါင်းပေါင်းတို့ကို ၀တ်ဆင်ပြီး စာသင်လေ့ရှိသည် ။ ပညာပိုင်းအရ ထူးချွန်သည့်အပြင် စာအသင်အပြလည်း ကောင်းသောကြောင့် ကောလိပ်ကျောင်းသားများ သာမက နိုင်ငံခြားသား ပါမောက္ခများ၏ လေးစားခြင်းကိုပါ ခံခဲ့ရသည်။
ဘီ-အေ အောင်သောနှစ်က စုစုပေါင်း ဘီအေအောင်သူ ၉ ယောက်သာရှိခဲ့သည် ။ ထိုအခါ ပညာတတ်များအလိုရှိသော ဗြိတိသျှအစိုးရက အိမ်တိုင်ရာရောက် လိုက်ခေါ်ပြီး ရာထူးကြီးများ ပေးအပ်သော်လည်း ဆရာကြီး ဦးဖေမောင်တင်က စိတ်မ၀င်စားခဲ့ချေ ။ အစိုးရ အထက်တန်းကျောင်းတွင် တစ်နှစ်ခန့်ဆရာဝင်လုပ်ပြီးမှ ပါမောက္ခအလုပ်ကို လုပ်ခဲ့ခြင်းဖြစ်သည် ။
ရန်ကုန်ကောလိပ်တွင် ပါမောက္ခလုပ်နေစဉ်တွင်လည်း မြန်မာကျောင်းသားများဘက်မှ အမြဲရပ်တည်ပေးခဲ့သည် ။ ရန်ကုန်တက္ကသိုလ် တည်ထောင်ပေးရန် ရှေ့တန်းမှ တောင်းဆိုခဲ့သည် ။ ကျောင်းသားခေါင်းဆောင်များကို အရေးယူခိုင်းသောအခါ သူတို့သည် အစိုးရကို ဆူပူခြင်းသာဖြစ်သည် ၊ ကျောင်းနှင့်မဆိုင်ဟုဆိုခါ အရေးယူဖို့ ရဲရဲတင်းတင်းငြင်းဆန်ခါ ၊ ကျောင်းသားများဘက်မှ ရပ်တည်ပေးခဲ့သည် ။ ထို့အပြင် တို့ဗမာအစည်းအရုံးကိုလည်း တိတ်တဆိတ် အားပေးခဲ့သေးသည် ။ နိုင်ငံချစ်စိတ်အပြည့်ရှိသော ဆရာကြီးသည် "ယူနီဗာစတီ" ဟူသော အသုံးအနှုံးကို "တက္ကသိုလ်" ဟု ပြောင်းလဲခေါ်ဝေါ်နိုင်ရန် လုပ်ဆောင်ခဲ့သည် ။ မြန်မာတိရစ္ဆာန်ရုံရှိ တိရစ္ဆာန်များအား မြန်မာဝေါ်ဟာရနှင့် ခေါ်နိုင်ခြင်းမှာလည်း ဆရာကြီး၏ ကြိုးပမ်းမှုကြောင့်ဖြစ်သည် ။
အင်္ဂလန် ပြင်သစ် စသောနိုင်ငံများသို့ သွားရောက်ခဲ့စဉ် သူတို့ ဘာသာစကား ဓလေ့ထုံးစံကို တလေးတစား အလေးထားကြသည်ကို မြင်တွေ့ပြီး မြန်မာနိုင်ငံတွင် မြန်မာစာပေ မြန်မာ့ယဉ်ကျေးမှု မျက်နှာငယ် ညှိုးရော်နေသည်ကို မကြည့်ရက်နိုင်ဖြစ်လာခဲ့သည် ။ ထို့ကြောင့် တက္ကသိုလ်တွင် မြန်မာစာဌာန ရှိရန် ၊ တက္ကသိုလ်ရှိ ဥပဇာတန်း ၊ ၀ိဇ္ဖာတန်း ၊ ဂုဏ်ထူးတန်း ၊ မဟာဝိဇ္ဖာတန်းတို့တွင် မြန်မာစာပေ သင်ကြားရန် ဆောင်ရွက်ခဲ့သည် ။ ထိုသို့ကြိုးပမ်းရာတွင် မြန်မာစာဟောင်း ပေဟောင်းများကို ကိုယ်တိုင်လေ့လာစည်းပူး စုဆောင်း၍ ၊ မြန်မာစာပေလောကတွင် ထူးချွန်သော လူတော်များနှင့် ပူးပေါင်းခဲ့သည် ။ မြန်မာစာတမ်း စာအုပ်စာပေ ကျောင်းသုံးစာအုပ်များကိုလည်း ကိုယ်တိုင်ရေးသားခဲ့သည် ။ အစိုးရကျောင်းများတွင်လည်း မြန်မာ့စာပေကို နောင်လာနောက်သားများ လေ့လာစည်းပူးနိုင်ရန် ဦးသြဘာသ၏ ဝေဿန္တရာဇာတ် ၊ ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည် ၊ ဦးခ၏ ချွေတာခြင်း စသည်တို့ကို ရဲဝံ့စွာ ပြဌာန်းပေးခဲ့သည် ။ ခရစ်ယာန်သာသနာပြုကျောင်းများက ထိုသင်ရိုးညွှန်းတန်းများကို အတိုက်အခံပြုသောအခါ ၊ ကိုယ်တိုင် ခရစ်ယာန်ဘာသာဝင်ဖြစ်သော ၊ ဘက်လိုက်မှုကင်းသော ၊ အမှန်တရားကိုသာ အလေးထားသော ဆရာကြီးက အောက်ပါအတိုင်း ဖြေကြားခဲ့သည်။
"ဗုဒ္ဓဘာသာ တိုင်းပြည်မှာ လာနေတဲ့အတွက် ဗုဒ္ဓဘာသာအကြောင်း သင်ရတာ အလွန်သဘာဝကျပါတယ် ။ ကျေးဇူးတင်ဖို့တောင် ကောင်းပါသေးတယ်"
ဗြိတိသျှအာဏာပိုင်များက ပို့၍ အောက်စဖို့ တက္ကသိုလ်တွင် သွားရောက်ပညာသင်ကြားစဉ် ၊ လူအများ မအောင်မြင်နိုင်ဟု ထင်သော အလွန်ခက်ခဲနက်နဲလှသည့် ကျမ်းနှစ်စောင်ကို ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ခဲ့သည် ။ ထိုသို့ ကျမ်းများကို ဘာသာပြန် ဆိုရာတွင် အလွန်ထူးချွန်သောကြောင့် နိုင်ငံခြားသားများက ဆရာကြီးအား "သူတော်စင်" ၊ "ပါဠိဒေ၀ီ" ဟု ချီးမွန်းခေါ်ဝေါ်သည့်အပြင် ၊ ယိုးဒယားဘုရင်ကလည်း ဆု ရွှေဒင်္ဂါး ပေါင် တစ်ထောင် ချီးမြင့်ခဲ့သည် ။ ဂျာမန်လူမျိုးတဦးသည် ဆရာကြီး ဘာသာပြန်ထားသော ကျမ်းကို ကိုးကား၍ ဂျာမန်ဘာသာသို့ ပြန်ဆိုနိုင်ခဲ့သည် ။
ဆရာကြီးသည် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်ရေးကိုလည်း အထူးလိုလားသည် ။ မြန်မာစာပေကို တိုင်းရင်းသားများထံ ပြန့်ပွားအောင် ဆောင်ရွက်ခြင်း ဖြင့် အချင်းချင်း နားလည်မှု ၊ ရင်းနှီးမှု ၊ ချစ်ခင်မှု ၊ သွေးစည်းမှုတို့ ရနိုင်မည်ဟုလည်း ယုံကြည်ခဲ့သည် ။
မြန်မာဝီကီမှ.. |
No comments:
Post a Comment