မီးရထားနဲ့ ခရီးသွားခြင်း
မီးရထားကာ မညည်းမတွား ခုတ်မောင်းလျက်။
သူနဲ့တူစုံ၊ ထိုင်ခုံ ယှဉ်လျက် ခရီးထွက်ခဲ့ သူ့လက်ကိုကိုင်၊ အပြုံးပြိုင်ကာ ထိုင်ခုံပေါ်မှာ နှစ်ယောက်တည်း။
တမာရိပ်အေး၊ ဘူတာကလေးတွင် နီထွေးဆံပင်၊ ပြုံးရွှင်ရွှင်နှင့် ချစ်ခင်ဖွယ်ရာ ကလေးတယောက်။
ပါးကွက်ကျားနှင့် သနားဖွယ်ရာ နောက်တယောက်။
နောက်ဘူတာတွင် ဖွာရာ ကောက်ကွေး၊ ဆံပင်ထွေးနှင့် ကလေးတယောက်။
တက်လာပြန်ပြီ ပြုံးဟန်ချိုမြ၊ လှပနုထွေး သမီးလေး တယောက်။
နောက်တယောက်မှာ ယောကျာင်္းကလေး၊ သားရွှေသွေးပေါ့ တထွေးတမြုံ ကလေးတပြုံ။
ပျော်စရာပင် ဘူတာစဉ်ဆိုက်၊ စားလိုက် သွားလိုက် ရယ်မောလိုက်နှင့် တသိုက်ကြီးပင်၊ ခရီးစဉ်တိုင်း ကြင်နာသမှု သူပြုစု။
နွေပန်း ဆောင်းပန်း၊ မိုးဦးပန်းတို့ တလမ်းလုံးပင် ပန်းလွင်လွင်နှင့် ပျော်ရွှင်စရာ ခရီးစဉ်။
တညသား၌ ရထားအဆိုက်၊ မှောင်မိုက်ညထဲ သူလမ်းခွဲ၍ နှင်းမှုန်ထဲမှာ ဆင်းခဲ့ပြီ။
ကိုယ်နှင့် ကလေးများ၊ ဤရထားတွင် တံခါးပြတင်းပေါက်၊ မေးကိုထောက်ရင်း တအောက်မေ့မေ့ ထွက်ခွာသည်။
မီးရထားကား မညည်းမတွား၊ ခုတ်မောင်းလျက်။
တင်မိုး |
No comments:
Post a Comment