ဂီတရဲ့ ရစ်သမ် နဲ့ ကဗျာရဲ့ ရစ်သမ် မတူပါဘူး။
ဂီတ၏ ရစ်သမ်
ဂီတမှာ Rhythm ဆိုတာ အသံတွေရဲ့ အတိုအရှည် (အသံရှိန်) နဲ့ သူတို့ကို နေရာချထားပုံကို ဆိုလိုပါတယ်။ ဥပမာ ဒိုရေမီဖာ နဲ့ ရေးပြရရင် (International notes နဲ့ရေးရင် ပိုရှင်းပါတယ် .. ဒါပေမဲ့ ဒီမှာကျတော့ တင်လို့မရလို့ 1234 နဲ့ပဲ ရေးပြရပါတယ်) ....
| 1 12 3 1 | 2 32 1 - ||
| 11 23 - 1| 23 02 01-||
အပေါ်က ဥပမာ ၂-ခုမှာ ဘားတဘားချင်းမှာရှိတဲ့ အလုံးတွေ အကုန်တူပါတယ်။ ဒါပေမဲ့ နေရာတွေ မတူပါဘူး။ အသံရှိန်မတူပါဘူး ... တနည်းအားဖြင့် Rhythm မတူပါဘူး။ အဲဒီတော့ တီးကြည့်လိုက်ရင် ထွက်လာတဲ့ အသံက ကွာသွားပါတယ်။ အဲဒါဟာ Rhythm ကွာသွားလို့ပါ။
ကဗျာ၏ ရစ်သမ်
ကဗျာမှာ ရစ်သမ် ဆိုတာ အသံကို ပြောတာပါ ... ကာရန်မပါဘဲ ကဗျာဖြစ်ပေမဲ့ ရစ်သမ် မပါရင်တော့ ကဗျာ မဖြစ်တော့ဘူးလို့ အခြေခံအားဖြင့် ဆိုနိုင်ပါတယ် ... (အခုနောက်ပိုင်း ပေါ်တဲ့ Prose poem တွေကိုတော့ ကျနော် လေ့လာကြည့်နေဆဲပဲ ရှိပါသေးတယ်) ... ဥပမာလေးတခုလောက်ကြည့်ပါ ...
ထုံးမတိမ်၊
ငုံးအိမ်ကျူလ သို့
တူမျှ စံနှိုင်း။
ထပ်တညီ၊
ကပ္ပဋ္ဌီ တင်ထိုက်တဲ့၊
ယဉ်သိုက်ဝင် သည်မေနှင့်ရယ်၊
ငါးဆင့်သမိုင်း။
ဦးပုည ရဲ့ နာမည်ကျော် ဒွေးချိုးလေးပါ ... ဒါကို ကျနော် ဒီလို ပြင်ရေးပါမယ် ...
ထုံးတူပြ၊
ငုံး ကျူ လ အိမ် သို့
မျှချိန်ကြည့်ချင်။
ထပ်တညီ၊
ကပ္ပဋ္ဌီ တင်ထိုက်တဲ့၊
ယဉ်သိုက်ဝင် သည်မေနှင့်ရယ်၊
ငါးဆင့်ရာဇဝင်။
ဖတ်ရတာ ဘယ်လိုများ နေပါသလဲ ... အသံထွက်ပြီး ဖတ်ကြည့်ပါ ... မူလကဗျာနဲ့ ဘာတွေ ကွာသွားပါသလဲ ...
တကယ်တော့ ကျနော်ပြန်ရေးလိုက်တဲ့ ဒီကဗျာမှာ ကာရန်လုံးဝ ကိုက်ပါတယ် ... ကာရန် စံနစ်မှာ အဆင့်အမြင့်ဆုံးလို့ ပြောလို့ရတဲ့ နဘေတောင် ထည့်ထားပါသေးတယ် ...ကာရန်စည်းမျဉ်းအရ လုံးဝ မမှားပါဘူး ... အဓိပ္ပာယ်လည်း မပြောင်းပါဘူး ...
ဒါပေမဲ့ ဖတ်ရတာ မချောဘူး ... ထောင့်နေတယ် မဟုတ်လား ...
အဲဒါ အသံ ကြောင့်ပါ ... တနည်းအားဖြင့် ရစ်သမ်ကြောင့်ပါ ... ရစ်သမ် လုံးဝ လွဲနေပါတယ် ....
ဘယ်လိုလွဲနေသလဲ ဆိုတာ သိဖို့က ကဗျာရဲ့ Rhythm အကြောင်းကို သိရပါမယ်။ အသေးစိတ် ပြောပြပါ့မယ် ...
ကဗျာမှာ Rhythm ဆိုတာ အသံကို ပြောတာပဲ ဖြစ်ပါတယ်။ Rhythm ကိုနားလည်ဖို့ အသံကိုနားလည်ရပါမယ် ... မြန်မာကဗျာတွေမှာ ကာရန် ၆၄-ပါးရှိပါတယ် ... အဲဒီကာရန် ၆၄-ပါးကို တက်သံ၊ သက်သံ၊ နိမ့်သံ၊ တိုင်သံ ဆိုပြီး အသံလေးမျိုး ခွဲထားပါတယ်။
ဒီအသံတွေကိုမှ ဂရုသံ (လေးလေးလံလံ နှေးကန်ပြင်းတွဲ အရှည်ဆွဲ ရွတ်ဖတ်ရတဲ့ အသံ) နဲ့ လဟုသံ (ပေါ့ပေါ့မြန်မြန် မနှေးကန်ဘဲ သံမှန်ဖြင့်ဆိုရသော အသံ) ဆိုပြီး ပြန်ခွဲထားပါတယ်။
ဒီတော့ အချုပ်အားဖြင့် မှတ်ရင် ဂရုသံ နဲ့ လဟု သံ ဆိုပြီးပဲ အလွယ်မှတ်ထားလိုက်ပါ ... (အသေးစိတ် သိချင်ရင်တော့ မြန်မာကဗျာဆိုတာ ဂျိုနဲ့လား(၂) http://harrylwin.blogspot.com/2008/08/blog-post_27.html ဆိုတဲ့ ပို့စ်မှာ သွားဖတ်နိုင်ပါတယ်)
အဲဒီတော့ အသံလေးမျိုးကို ဂရု၊ လဟု ခွဲလိုက်ရင် တက်သံ (၁၈)ပါး ဟာ ဂရုသံတွေဖြစ်ပြီးတော့ ကျန်တဲ့အသံတွေဟာ လဟုသံ တွေ ဖြစ်ပါတယ်။
၁။ တက်သံ (၁၈) ပါး - ဂရု
၂။ သက်သံ (၁၈) ပါး - လဟု
၃။ နိမ့်သံ (၁၈) ပါး - လဟု
၎။ တိုင်သံ (၁၀) ပါး - လဟု
လဟုသံ ဆိုတာ -
(က) အောက်မြစ်ပါတဲ့အသံ နဲ့ အောက်မြစ်မပါပေမယ့် ပါသလိုဘဲ ဆိုရတဲ့အသံတွေ ... ဥပမာ အ၊ အာ့၊ (သက်သံ)
(ခ) ဝစ္စပေါက်ပါတဲ့အသံတွေ (နိမ့်သံ)၊
(ဂ) ကသတ်၊ စသတ်၊ တသတ် နဲ့ ပသတ် ဆိုတဲ့ အသတ်လေးမျိုးပါတဲ့ အသံတွေ (တိုင်သံ) ဖြစ်ပါတယ်။ အလွယ်တကူ မှတ်ချင်ရင် 'ကွမ်းစားတတ်ပြီ' လို့ အသတ်လေးခုကို မှတ်ထားနိုင်ပါတယ်။ 'က၊ စ၊ တ၊ ပ' ဆိုတဲ့ အပေါ်မှာ အသတ်တင်လိုက် ရင် တိုင်သံဖြစ်သွားပါတယ်။ တိုင်သံ ဟာ အသံမြှင့်လို့၊ နှိမ့်လို့မရပါဘူး ... အပ်၊ အက်၊ အောက်၊ အိပ်၊ အုတ် .. စတဲ့ အသံတွေပါ။
ဂရုသံ ကတော့ လဟုသံမှာ မပါဘဲ ကျန်နေတဲ့ တက်သံ တွေပါပဲ။ အာ၊ အီ၊ အူ၊ အေ၊ အော်၊ အင်၊ အန် အစရှိသဖြင့် အောက်မြစ်လဲမပါ၊ ဝစ္စပေါက်လည်းမပါ၊ 'က၊ စ၊ တ၊ ပ' ဆိုတဲ့ အသတ်လေးမျိုးလည်း မပါ တဲ့အသံတွေဖြစ်ပါတယ်။
ဒါဆို ဂရု၊ လဟု ကို အကြမ်းဖျဉ်းသိလောက်ပါပြီ။
ကျနော် ပြန်ရေးထားတဲ့ အပေါ်က ဒွေးချိုးလေးဟာ မြန်မာ အချိုးကဗျာတွေထဲမှာ ပါပါတယ်။ ဒါကြောင့် အသံဘယ်လိုမှား နေလဲ ဆိုတာ သိဖို့ မြန်မာအချိုးကဗျာတွေမှာ ဘယ်လို အသံကိုယူသလဲ ဆိုတာ ကြည့်ရပါမယ် ... တကယ်တော့ အချိုးကဗျာတွေဟာ သီချင်း (တေး) အမျိုးအစားထဲမှာ ပါပါတယ်။ ဒါကြောင့် အသံဟာ အရေးကြီးပါတယ်။ ကာရန်မှန်ပေမဲ့ အသံမမှန်ရင် ကဗျာ ပျက်ပါတယ်။
ဆက်ပါဦးမယ် ...
ဟယ်ရီ
No comments:
Post a Comment