ဘ၀စာအုပ်
ထပ်တစ်ပြန်ပြန်မဖတ်ဖြစ်တော့တဲ့ လောက စာမျက်နှာတွေထဲမှာ အချစ်တွေက အကြင်နာဖွဲ့ အခန်းတွေနဲ့ နွေးထွေးစွာ တစ်စိမ့်စိမ့်တွေးရင်း အမုန်းတွေက ဟားတိုက်ရယ်မောလို့ နောက်ဆုံးစာမျက်နှာရဲ့ အလွမ်းမျက်ရည်တွေက ငါ့အတွက်တော့ ................ တစ်သက်စာ သင်ခန်းစာတွေအဖြစ် အိမ်စာအနေနဲ့ ကျန်ရစ်ခဲ့တယ်။
အထီးကျန် ခြောက်ကပ်ကပ် စာမျက်နှာတွေ အလွမ်းပြန် ဖြူဖတ်ဖတ် စာမျက်နှာတွေ အတ္တကြေ စုတ်ပြတ်ပြတ် စာမျက်နှာတွေ လောဘဝေ ညစ်ထပ်ထပ် စာမျက်နှာတွေ တစ်အုပ်စာ ဇတ်မြောကြီးကို အဖြူရောင်မဲ့ ရသဆိုပြီး ခပ်သုတ်သုတ် ကျော်ဖတ် အဟုတ် အဆုံးသတ် ချင်ပေမဲ့ စာမျက်နှာတွေ ... စာမျက်နှာတွေ .... စာမျက်နှာတွေ ဘ၀မှာ ဖတ်ပြီးရင်လည်း ထပ်တစ်လဲလဲ ဖြည့်နေရတယ်။
အတိတ် စာမျက်နှာ တွေရဲ့ ဝေဒနာတွေက ပစ္စုပ္ပန် စာမျက်နှာတွေရဲ့ သောကဖြစ်လာတဲ့အခါ အနာဂတ် စာမျက်နှာတွေ ပျောက်ပျောက်သွားမှာစိုးလို့ ကုန်ကြမ်းအဖြစ် အခစားဝင်ရစ်တဲ့ အချစ်၊ အလွမ်း၊ အနု၊ အကြမ်း မကျွမ်းကျွမ်းအောင် ကြိုးစားရင်းနဲ့ ငါဟာ လူကြမ်းဖြစ်မှန်းမသိ ဖြစ်လာတယ်။
ခံစားချက် သခင် အရာရာ ရှင်ဘုရင်လို စိုးမိုးလာချိန်မှာ လောကကြီး အနက်မဲ့တော့မှာလား ခပ်ဝါးဝါးလေးနဲ့ ဟိုးအဝေးကို တွေးတော့ ၀ိုးတစ်ဝါးလေး သွားသတိရမိတာ ဘ၀အစ တစ်ချိန်က မတောက်တစ်ခေါက် လျောက်ရေးကြည့်ဘူးခဲ့တဲ့ ကာရံမဲ့ အညတြရ ကဗျာတွေလေးတွေပါ။
သေချာတာ ... တစ်ခုကတော့ ငါ့ဘ၀ စာရေးဆရာ တစ်ဖြစ်လည်းငါကိုယ်တိုင် မရေးချင်လည်းရေး ... ရေးချင်လည်းရေး ဘ၀ ဆုံးခန်းမတိုင်ခင် အထိတော့ တစ်မျက်နှာပြီး တစ်မျက်နှာ ဖြည့်နေရဦးမယ်လေ။
(ရှင်းကြယ်) |
No comments:
Post a Comment