Saturday, 23 July 2011

ကမ္ဘာသုံး ဗမာစကား

created the doc: "ကမ္ဘာသုံး ဗမာစကား"
Ba Tharchaw created the doc: "ကမ္ဘာသုံး ဗမာစကား"

ခေါင်းစဉ်ကလည်း ရယ်စရာကြီးနော်...

အတွေ့အကြုံ၊ ခံစားချက်၊ ခံယူချက်ကို ပြောချင်လို့ပါ။

ကျွန်တော်တို့ဗမာလူမျိုးတွေအခုဆိုရင် နိုင်ငံတော်တော်များများမှာရှိပါတယ်။ လူမျိုးခြားတွေကြားမှာ လူမျိုးတူတွေ အနေနဲ့ အတော်များများ တစ်စုတစ်စည်းတည်းလို တွေ့ရမှာပါ။ အနီးဆုံးအလွယ်ဆုံး ထိုင်းနဲ့ မလေးလိုပေါ့။ ကျွန်တော့်အတွေ့အကြုံကိုပြောချင်ပါတယ်။ ကျွန်တော့်အလုပ်မှာ နီပေါ၊ အိန္ဒိယ၊ အင်ဒို စသဖြင့် တစ်ခြားလူမျိုးတွေလည်းရှိပါတယ်။ ရောက်ခါစမှာ ဆရာ့ဆရာ ဗမာများရဲ့အတွေ့အကြုံများ၊ လုပ်ငန်းခွင်ဆိုင်ရာ ဗဟုသုတများကိုလည်း သူတို့ဆီက တစ်ဆင့်ကြားရပါတယ်။ ကျွန်တော်တို့မရောက်ခင် ဆရာ့ဆရာများရဲ့ အတွေ့အကြုံတစ်ခုအရ ဗမာစကားတော်တောပြောတတ်ချင်ပြီး အားလုံးနဲ့ပျော်ပျော်နေတတ်တဲ့ ခင်မင်စရာကောင်းတဲ့နီပေါတစ်ယောက်က ဗမာတစ်ယောက်ကို မေးပါတယ်။

နေ့လည်စာထမင်းစားချိန်နားတာမှာ ထမင်းစားတာကို ဘယ်လိုပြောသလဲပေါ့။ နီပေါမေးမိတဲ့ဗမာက အရမ်း အစအနောက်သန်တဲ့ အစ်ကိုတစ်ယောက်ဖြစ်နေတော့ သူက သင်ပေးလိုက်တယ် ထမင်းစားမယ် = -င်ခံမယ် တဲ့၊ တော်တော်ကို

ရယ်ရပါတယ်။ ထမင်းစားချိန်ရောက်တိုင်း အဲ့ဒီနီပေါက -င်ခံမယ်၊ -င်ခံမယ် ဆိုပြီး အော်အော်ပြောတာကို မျက်လုံးထဲ မြင်ကြည့်ပါ။ အတော်ကို ရယ်ရပါတယ်။

အဲ့ဒါကိုကြားဖူးထားတဲ့ကျွန်တော်က နောက်တစ်ခါ ကိုယ်တိုင်ကြုံတာက နီပေါက ကျွန်တော့်သူငယ်ချင်းနာမည်ကိုမေးတာပါ။ ကျွန်တော်ကလည်း စ ချင်တာနဲ့ သူ့နာမည်ကို အဖေ လို့ ခေါ်တယ်လို့ ပြောလိုက်ပါတယ်။ အဲ့ဒီသူငယ်ချင်းကို ခေါ်တိုင်း

အဖေ နေကောင်းလား။ အဖေ စားပြီးလား အဲ့ဒီလိုပြောပါတယ်။ ဗမာတွေဆို အရမ်းသဘောကျတာပါ။ တ၀ါးဝါးနဲ့ ရယ်ရတယ်၊ ပျော်ဖို့ကောင်းပါတယ်။ နောင်မှာ ပြန်ပြင်ပြီး အမှန်အတိုင်း ပြန်သင်ပေးတာတောင် သူက မယုံတော့ပါဘူး၊ အဲ့ဒီအတိုင်းပဲ ခေါ်နေတာပါပဲ။ အဲ့ဒီနီပေါဆီက ကျွန်တော် သူတို့စကားနဲနဲပါးပါး သင်ဖူးပါတယ်။ ကိုယ်က လုပ်ခဲ့ဖူးတဲ့သူဆိုတော့

ကိုယ်နဲ့နှိုင်းပြီး အရိုင်းတွေးတွေးပါတယ်။ သူ့ကို မယုံလို့ တစ်ခြားနီပေါတွေဆီမှာပါ မသိမသာနဲ့ ပြန်မေးပြီး အတည်ပြုပါတယ်။ အမှန်အတိုင်းဖြစ်နေတာပါပဲ။ ကျွန်တော့်လို နောက်ပြောင်ထားခြင်းမရှိပါဘူး။

နောက်တစ်ခါ အိန္ဒိယတစ်ယောက်မေးပါတယ်။ ဆဲတာကို မြန်မာလို ဘယ်လိုပြောသလဲပေါ့။ ကျွန်တော့်သူငယ်ချင်းတစ်ယောက် သင်ပေးလိုက်ပါတယ် ငါ -ိုးမကုလား ဆိုပြီးတော့...၊ အဲ့ဒါ တစ်ခါတရံ အဲ့ဒီသူက အဆဲလေးနဲ့ နှုတ်ဆက်ပါတယ်။ ငါ....-ိ

ုး....မ ကား..... လား... ဆိုပြီးတော့ မပီမသနဲ့ နောက်ပါတယ်။ ရယ်ရတာများဗျာ အူတွေကိုနာလို့။ သူကမေးတာ အဲ့ဒါ ဘာအဓိပ်ပါယ်လဲပေါ့ အဲ့ဒါ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုပြီးတော့ သူမသိအာင် တစ်ခြားဟာ လျှောက်ပြောရတော့တာပေါ့ဗျာ။

ကျွန်တော်တို့ဗမာပြည်သားများဟာ လျပ်တပြက်ဥာဏ်လည်း အလွန်ကောင်းပါတယ်၊ ဟာသဥာဏ်လည်း အလွန်ရွှင်ပါတယ်။ နစ်နာစေတယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိပေမဲ့ အဲ့လိုမျိုး တစ်တစ်ခွခွတွေလည်း စတတ်၊ နောက်တတ်ကြပါတယ်။ အဲ့ဒီနီပေါဆီက စကားနဲနဲသင်မိတာကို ကျွန်တော် အတွေးပွါးမိပါတယ်။ ဒီနေ့ ကမ္ဘာသုံးဖြစ်နေတဲ့ အင်္ဂလိပ်စကားကို အင်္ဂလိပ်လူမျိုးတွေက လူမျိုးတိုင်းကို သင်ပေးခဲ့တယ်၊ ပြန့်ပွါးအောင်လုပ်ခဲ့ကြပါတယ်။ စနစ်ကျသည်ထက်ကျအောင်၊

ကောင်းသည်ထက်ကောင်းအောင် ဖြန့်ခဲ့ကြတော့ သူတို့စကားတွေဟာ လူမျိုးတိုင်းနဲ့ အံဝင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ အတွေ့အကြုံအများကြီးရထားပြီးတော့ ဆက်သွယ်ရာမှာ မရှိမဖြစ်၊ မတတ်ရင် ခေတ်မမီ တဲ့အဆင့်ထိရောက်လာတယ်လို့

လူပြိန်းတွေးနဲ့ နားလည်သလိုတွေးမိပါတယ်။

တစ်ဆက်တည်းမှာလည်း ကိုယ့်ကိုယ်ကိုယ် တော်တော် ဆုံးမမိပါတယ်။

အခု ဗမာပြည်မှာရှိတဲ့ မလေးပြန်တော်တော်များများ၊ ထိုင်းပြန်တော်တော်များများဆိုရင် ကျွန်တော်သိသလောက် သူတို့ချင်းတွေ့လို့ လူကြားထဲမှာ ဗမာစကားနဲ့မပြောချင်တဲ့အထာမျိုးဆိုရင် သူတို့နေခဲ့တဲ့ တိုင်းပြည်ကတတ်မြောက်လာတဲ့တိုင်းပြည်က ဘာသာစကားနဲ့ပြောကြပါတယ်။ အဲ့ဒီလိုမျိုး ဒီ အာရှထဲမှာတင် ကိုယ် အလုပ်လုပ်ခဲ့တဲ့ တိုင်းပြည်ရဲ့စကားဟာ မသိမသာ ပျံ့နှံ့လာနေပါပြီ။ တစ်ချို့ဆိုရင် ၁၄ - ၅ နှစ်နေလာခဲ့တဲ့အတွက် နေခဲ့ဖူးတဲ့တိုင်းပြည်ရဲ့ဘသာစကားနဲ့ သတင်းကြေငြာတဲ့အစီအစဉ်ကို လုံးစေ့ပါတ်စေ့ နားလည်တယ်၊ သတင်းစာဖတ်နိုင်တယ်၊ အဲ့ဒီနိုင်ငံသားရဲ့ လေသံမျိုးနဲ့ လုံးဝငယ်မွေးခြံပေါက်လိုက ကျွမ်းကျင်ပိုင်နိုင်စွာ ပြောနိုင်တဲ့ လူတွေကို တွေ့ဖူးပါတယ်။သူတို့တွေဟာ အလုပ်မှာလည်း အခွင့်အရေးပိုရတယ်၊ သူဌေးနဲ့ဆက်ဆံတာ၊ မန်နေဂျာနဲ့ဆက်ဆံတာမှာလည်း ပိုပြီး ထိရောက်ပါတယ်။ ဘာသာစကားကို နားလည်မှုကြောင့်ဆိုတဲ့ အဓိကပံ့ပိုးမှုကြီးကြောင့်ပါ။ ကျွန်တော်ထပ်စဉ်းစားမိတယ်။

အခု လက်ရှိကျွန်တော်တို့နိုင်ငံမှာလည်း ထိုင်း၊ မလေး တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိပါတယ်။ အင်္ဂလိပ်စကားလည်းပြောတတ်ဖို့လိုတယ်ဆိုပေမဲ့ သူတို့စကားကို အဲ့ဒီလိုပြောတတ်တဲ့ သူတွေရှိရင်လည်း အဲ့ဒီအလုပ်ထဲမှာ သူတို့ကို ဦးစားပေးမှာ၊ နေရာပေးမှာပါဘဲ။ဆိုတော့ကာ သူတို့နိုင်ငံမှာတင် သူတို့စကားရဲ့ လွှမ်းမိုးမှုကို ခံရရုံတင်မကဘူး၊ ကျွန်တော်တို့နိုင်ငံကိုရောက်လာပြန်တော့လည်း သူတို့ဦးစီးလုပ်ကိုင်နေတဲ့အလုပ်တွေမှာ သူတို့ဆီမှာ ထပ်လုပ်ရရင် နိုင်ငံခြား ဘာသာစကားက လွှမ်းမိုးနေဦးမှာဘဲ လို့ယူဆမိပါတယ်။ အတိအကျ မဆိုလိုပါဘူး။ အနည်းနဲ့အများ ဖြစ်နိုင်ချေပေါ့။ အခု ဗမာပြည်ထဲက တစ်ချို့ တရုတ်ပိုင်အလုပ်တွေမှာ တရုတ်စကားတတ်မှ ခေါ်တယ်ဆိုတာလည်း နားစွန်နားဖျား ကြားဖူးပါရဲ့။ အဲ့ဒါကလည်း ရင်လေးဖို့ကောင်းတယ်။ ဒါတွေဟာ ဘာကြောင့်လဲ၊ နိုင်ငံအတွင်းထိ ယဉ်ကျေးမှု ကျူးကျော်ဝင်ရောက်တာကို ဘယ်လိုကာကွယ်မလဲဆိုတောတော့ တစ်ခြားသိသူ၊ တတ်သူ၊ အမြင်ကျယ်သူများ ဆက်လက်စဉ်းစားပြီး ဘယ်လိုတွေလုပ်ရမယ်ဆိုတာ လုပ်နိုင်စွမ်းသူတွေ လုပ်ကြမှာလို့ ယူဆတဲ့အတွက် ခဏတစ်ကန့် ကန့်ထားလိုက်ပါဦးမယ်။

အဲ့ဒီမှာ ထူးထူးခြားခြားလေးတွေလည်း တွေ့ဖူးပါတယ်။

သူငယ်ချင်းတစ်ယောက်ရဲ့စက်ရုံမှာ ဗမာလူသစ်တွေခေါ်တာများတဲ့အတွက် စက်ရုံပိုင်ရှင် တရုတ်ရဲ့ အစီအစဉ်နဲ့မန်နေဂျာ၊ အလုပ်ကြပ် စတဲ့ အလုပ်သမားများကို အုပ်ချုပ်ရတဲ့ ရာထူးအဆင့်ရှိသူများကို မြန်မာစကားသင်စေပါတယ်။ ကျွန်တော်တို့ ခု ချက်တင်ထိုင်နေတဲ့ ဘားဂလိရှ်နဲ့ ၀ှိုက်ဘုတ်မှာ ရှေ့ကနေ စာလုံးပေါင်းအသံထွက်နဲ့ အဓိပ်ပါယ်ကိုသင်ပေးပါတယ်။ အဲ့ဒီစက်ရုံက တရုတ်တော်တော်များများ ဗမာစကားကို အတန်အသင့်ပြောနိုင်ပါတယ်။ ဒါကိုသိရပြန်တော့လည်း အခြေအနေနဲ့အံဝင်အောင် လိုအပ်တဲ့ စကားဆက်သွယ်မှုကို သိထားရမယ်၊ သင်ထားရမယ်လို့ ကောက်ချက်ချမိပါတယ်။

ကျွန်တော်နဲ့အပြင်မှာကြုံဖူးတဲ့ တရုတ်အဘိုးကြီးတစ်ယောက်ဆို ကျွန်တော့်ကို နေရင်းထိုင်ရင်း အရမ်းခင်တာ၊ မကြာမကြာလည်း ဆုံဖြစ်တယ်၊ မြန်မာလိုနှုတ်ဆက်တာ ဘယ်လိုလဲလို့မေးပြီး ကျွန်တော့်ကိုတွေ့ရင် မင်္ဂလာပါ ဆိုပြီးတော့နှုတ်ဆက်တတ်ပါတယ်။ တစ်ခြားခင်ရတဲ့ မလေးအဘိုးကြီးတစ်ယောက်လည်း အဲ့ဒီလိုပါပဲ မင်္ဂလာပါ လို့ မပီကလာလေးနဲ့ နှုတ်ဆက်တတ်ပါတယ်။ ကိုယ့်ဘာသာစကားကို သူတို့အသံနဲ့ မပီကလာပီကလာကြားရတာ ပီတီဖြစ်တယ်ဗျ။ ကျွန်တော်တို့သဘောကျတာကိုတွေ့တော့ သူတို့ကလည်း ၀မ်းသာတယ်။ အပြန်အလှန်ပေါ့။

ဆိုတော့ ပြောချင်တာလေးကရှုပ်များနေသလားတော့မသိဘူး။ ကျွန်တော်ကလည်း စာရေးမကောင်းဘူးဗျ။

ကျွန်တော်ကတော့ နီပေါဆီက သင်္ခန်းစာကိုကောင်းကောင်းယူလိုက်တယ်။ နောက် ကျွန်တော့်ကို ဘယ်သူမေးမေး အမှန်အတိုင်းပဲ ရှင်းပြပြောပြပါတယ်။ တစ်ချို့ကပြောတယ် သင်မပေးနဲ့တဲ့၊ တို့စကားနားလည်သွားရင် တို့ပြောတာတွေသိကုန်လိမ့်မယ်တယ်။ အလွယ်ဆုံးနည်းနဲ့ရှင်းပြဖြစ်တာက ငယ်ငယ်ကပြောတဲ့ စကားလိမ် လို့ခေါ်မလား အဲ့လိုစကားလေးနဲ့ နဲနဲလေး လှည့်ပတ်လိုက်ရုံနဲ့ သင်ပေးသလောက်သာသိထားတဲ့ နိုင်ငံခြားသားတစ်ယောက်က ကျွန်တော်တို့လို တွေးပြီးနားမလည်နိုင်တော့ပါဘူး။ ဥပမာဗျာ.. သသိပ်ချိတ်ချစ်တိတ်တယ် = သိပ်ချစ်တယ် ပေါ့။ ငယ်ငယ်ကလေးဘ၀က ပြောခဲ့တဲ့စကားလိမ်လေးပါ။ ကျွန်တော်တို့အတွက် အပန်းမကြီးပါဘူး။

အမှန်အတိုင်းဖြေခဲ့တဲ့ အကျိုးကျေးဇူးကတော့ များပြားလှတဲ့ အဝေးရောက်ဗမာတွေ တစ်ယောက်တစ်ခွန်းစ၊ နှစ်ခွန်းစ သင်ပေးခဲ့မယ်ဆိုရင် ကျွန်တော်တို့ယဉ်ကျေးမှု၊ ကျွန်တော်တို့ စကားတွေလည်း သူတို့ဆီမှာ အနည်းနဲ့အများတော့ ပျံ့နှံ့ကျန်ရစ်ခဲ့စေမယ်လို့ ယူဆပါတယ်။ ဒိထက် စေတနာ၊ ရည်ရွယ်ချက်၊ အခြေအနေ ပိုရှိလို့သင်ပေးနိုင်ခဲ့မယ်ဆိုရင်တော့ တစ်နေ့မှာ ကမ္ဘာသုံး ဗမာစကား ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ဒါ့ကြောင့် ကျွန်တော်ကတော့ ဒီအတွေးဝင်တဲ့နေ့ကစလို့ မှန်မှန်ကန်ကန်ဘဲ သင်ပေးရင်း တတ်နိုင်သမျှ ဖြန့်ဖြူးပါတယ်။

အတွေးနဲ့ အယူအဆသက်သက်ပါ။

by: ဘသားချော



No comments:

Post a Comment