၁၉၈၉ ခုနှစ်တွင် အာမေးနီးယားပြည်၌ ရစ်ချတာစကေး ၈.၂ ရှိသည်ံ အင်အားပြင်းထန်သော မြေငလျင် ကြီးတစ်ခု ဖြစ်ပေါ်သည်။ တိုက်တာအိမ်ရာတွေ မြေကြီးမှာ ပြားပြားဝပ်သွားပြီး ၄ မိနစ်ပင်မပြည့်သည့် အချိန်အ တောအတွင်း လူပေါင်း ၃၀,၀၀၀ ကျော်သေဆုံးခဲ့ရသည်။
အပျက်အစီးတွေ ဖရိုဖရဲ ကစဥ့်ကလျားကြားမှာ ဖခင်တစ်ယောက် ဇနီးသည်ကိုဘေးမသီရန်မခထားခဲ့ကာ သူ့သားရှိနေမည့်ကျောင်းဆီသို့ပြေးလာသည်။ သို့သော် ကျေင်းဆီရောက်တော့ ကျောင်းကမြေမှာ ပြားချပ်နေပြီ။
ရုတ်တရက် သူ့ရင်ထဲမှာ ဆို့နစ်ကာ ကယောင်ချောင်ချားဖြစ်သွားသည်။ သည့်နောက်မှာ သားကို သူပေးထား သည့် ကတိစကားကို ပြန်၍သတိရသည်။ "ဘယ်ကိစ္စမျိုးကြုံကြုံ သားဘာမှမစိုးရိမ်နဲ့၊ အဖေ အရောက်လာမယ် စိတ်ချ" ဆိုသောစကား။ သူ့မျက်လုံးအစုံထဲမှာ မျက်ရည်တွေ အိုင်လာသည်။ သူ့ရှေ့ တွင် တစ်ချိန်ကစာသင်ကျောင်းရှိခဲ့သော နေရာ၌ အုတ်ပုံအစုအဝေးတစ်ခုရှိသည်။ ဘယ်လိုမှ မျှော်လင့်စရာမ ရှိအောင်ပိပြားနေသည့် အုတ်ပုံကြီးတစ်ခု။ သို့သော် သားထံပေးထားသောကတိကို သူထပ်တလဲလဲ ပြန်ကြား နေသည်။
စိတ်ကိုတည်ငြိမ်အောင် ကြိုးစားထိန်းကာ သူနေ့စဉ် နံနက်တိုင်း လိုက်ပို့နေကျဖြစ်သည့် သားငယ်၏ စာသင်ခန်းရှိရာ နေရာကို မှန်းဆ ရှာဖွေသည်။ သားတို့ အခန်းသည် အဆောက်အဦး၏ လက်ယာဘက်အ ပိုင်းနောက်ဘက်ခြမ်းမှာ။
သည်နေရာသို့ သူပြေသွားသည်။ ပြီး အုတ်ကျိုးအုတ်ပဲ့တွေကို စတင်တူးဆွ ဖယ်ရှာခြင်းပြုလေသည်။ သူဖယ်ရှာနေဆဲ တစ်ခြားမိဘတွေပါ ရောက်လာကြသည်။ "ငါ့သားလေးသေပါပြီ"။ "အမလေး... ငါ့သမီး လေးမရှိတော့ပါဘူး" စသဖြင့် သောကမီး၊ ပရိဒေ၀မီးတွေ တောက်လောင်ကာ ငိုကြွေးကြ မြည်တမ်းကြ သည်။ တည်တည်ငြိမ်ငြိမ်ရှိသည့်အချို့မိဘများကတော့ (သွေးရူးသွေးတန်းလုပ်ကိုင်နေဟုတ်ရှိသော) သူ့အား ကရုဏာသက်ကာ ကျောက်ပျက် အုတ်ကျိုးပုံမှဖျောင်းဖျခေါ်ယူကြသည်။
"မရတော့ပါဘူးဗျာ"
"ဘယ်သူမှ အသက်မရှိတော့ပါဘူးဗျာ"
"အဲဒီလိုလုပ်နေလို့ အကျိုးမထူးတော့ပါဘူး၊ အိမ်သာပြန်ပါဗျာ"
"စိတ်ထိန်းမှပေါ့၊ ခင်ဗျား မြင်တဲ့အတိုင်းပဲ ဘာလုပ်လို့ရဦးမှာလဲ" စသဖြင့်ပြောကြသည်။
တချို့ဆိုလျှင် "ဟေ့လူ...တော်ပါတော့ဗျာ၊ ခင်ဗျားလုပ်တဲ့အတွက်ပိုတောင်ဆိုးဦးမယ်" ဟုပြစ်တင်ကြ သည်။
သည်လိုလာပြောသည့်မိဘများကို စကားတစ်ခွန်းပဲ ပြန်ပြောသည်။ "ဒီမှာ...ခင်ဗျား အခုကျွန်တော်လုပ် နေတာကို ၀င်ကူမလား၊ မကူဘူးလား၊ ဒါပဲပြောဗျာ" ဟူ၍။ သည့်နောက် အဲသည်လူတွေကို လျစ်လျူရှုကာ သူ့သားကို ဖော်ထုတ်နိုင်ဖို့ပဲ သူဆက်လုပ်သည်။ အုတ် အင်္ဂတေ အစိုင်အခဲတွေ တစ်လုံးချင်း တစ်ဖဲ့ချင်း ကောက်ယူဖယ်ရှားသည်။
သည်အချိန်မီးသတ်အရာရှိရောက်လာပြီး သူ့ကိုဆွဲထုတ်ဖို့ကြိုးစားသည်။ "မီးတွေလောင်နေပြီ၊ ဘယ် နေရာမဆို အချိန်မရွေးထပေါက်နိုင်တယ်၊ ခင်ဗျားအတွက် အန္တရာယ်ရှိတယ်၊ ကျွန်တော်တို့လုပ်ပါ့မယ် ကိုယ့် အိမ်ကိုပြန်ပါ" ဟုဆိုသည်။ သားကိုချစ်သော အဖေကတော့ သူ့စကားကိုအရေးမထား။ "ခင်ဗျား ကျုပ်ကိုကူ ညီမလား မကူညီဘူးလား ဒါပဲပြောပါ" ဟုပြန်ပြောသည်။
ရဲကလည်း ရောက်လာသည်။
"ခင်ဗျားသွေးရူးသွေးတန်းတွေ လျှောက်လုပ်မနေနဲ့၊ ခင်ဗျားကြောင့် တခြားလူတွေမှာ အန္တရာယ် ဖြစ်မယ်၊ အိမ်ပြန်ပါ၊ ကျွန်တော်တို့လုပ်ပါ့မယ်"
ရဲကိုလဲ ခင်ဗျားကျွန်တော့်ကို ကူညီမှာလားပဲသူပြန်မေးသည်။
မည်သူကမျှ မကူညီ။
သို့သော် ကိစ္စမရှိ။ သူ့ဘာသာ တစ်ကိုယ်တည်း ဇွဲနပဲကြီးစွာ တူးဖော်သည်။ သူ့မှာအရေးကြီးနေတာ တစ်ခုပဲရှိသည်။ "ငါ့သားလေးသေပြီလား၊ အသက်ရှင်နေသေးလား" ဒါသေချာဖို့လိုသည်။ မျက်မြင်ဒိဋ္ဌသူ တွေ့ရဖို့လိုသည်။
သူတစ်ယောက်တည်း အုတ်ကျိုး အုတ်ပဲ့ပုံကိုဖယ်ရှားသည်။ ၈နာရီကြာပြီ၊...၁၂ နာရီ၊...၂၄ နာရီ၊...၃၆ နာရီ၊ အဲသည်နောက် ၃၈ နာရီ မြောက်၌ အုတ်အင်္ဂတေတုံးကြီး တစ်တုံး သူဆွဲထုတ်လိုက်ပြီူသည့်နောက် တွင် သား၏ အသံကိုကြားလိုက်ရသည်။
ချက်ချင်းပင် သားနာမည်ကို သူသံကုန်အော်ခေါ်လိုက်သည်။
"အာမန်း..."
ပြန်အော်သံကြားရသည်။ "ဖေဖေ...ဖေဖေလား၊ သားပါဖေဖေရ။ သူငယ်ချင်းတွေလဲ သားပြောထားတယ်၊ 'ဘာမှမကြောက်ကြနဲ့၊ ငါ့အဖေ မသေရင် ငါ့ကိုသေချာပေါက်လာကယ်မှာ၊ ငါလွတ်ရင် မင်းတို့လဲလွတ်မယ်' လို့၊ ဖေဖေ သားကိုကတိပေးထားတယ် မဟုတ်လား၊ 'ဘယ်ကိစ္စမျိုးကြုံကြုံ သားမစိုးရိမ်နဲ့၊ အဖေရောက် အောင်လာမယ် စိတ်ချ' ဆိုတာလေ၊ အခု အဖေ ပြောထားတဲ့အတိုင်းပဲရောက်လာပြီပေါ့"
"အဲဒီအောက်ထဲမှာ ဘယ်လိုအခြေအနေရှိလဲသား" အဖေကမေးသည်။
"သားတို့ ၃၃ ယောက်ထဲမှာ ၁၄ ယောက်ပဲကျန်တယ် ဖေဖေ၊ သားတို့ကြောက်လဲကြောက်တယ်၊ ဆာလဲ ဆာတယ်၊ ရေလဲငတ်တယ်၊ အဖေရောက်လာတာ အရမ်းဝမ်းသာတာပဲ၊ ကျောင်းကြီးပြိုကျတော့ သားတို့နေ ရာလေးကွက်ပြီး တြိဂံပုံ အမြှောင့်လေး တစ်မြှောင့်ပဲမပိပဲ ကျန်နေတယ်၊ အဲဒါကြောင့် သားတို့မသေတာ" "ကဲ...ထွက်ခဲ့တော့ သားရေ"
"နေဦး ဖေဖေရ၊ တခြားလူတွေ အရင်ထွက်ပါစေ၊ သားမှာက ဖေဖေရှိတယ်နေတာပဲ၊ဘယ်လို ကိစ္စမျိုးပဲ ကြုံကြုံ သားကမစိုးရိမ်ပါဘူး၊ အဖေ လာကယ်မယ်ဆိုတာ သိနေတယ်"
[မူရင်း။ ။ Mark V.Hansen ၏ Are You Going To Help Me?]ဖေမြင့်(နှလုံးသားအာဟာရစာစုများ)http://brokenworld.multiply.com/journal/item/13 မှကူးယူဖော်ပြသည်။
No comments:
Post a Comment