Monday, 20 June 2011

[စာပေစကားဝိုင်း] New link

Harry Lwin 21 June 03:25

ခင်ခင့်ကိုပြောချင်သော ပုံပြင်များ (၁) - စောင်းညှို့သံချီ လင်္ကာစီ၍
 
 
ခင်ခင်ရေ ...
ခင်ခင်နဲ့စကားမပြောဖြစ်တာလည်းကြာပြီ ... ဒါကြောင့်မို့ အခု ခင်ခင်ကိုပြောပြချင်တဲ့ ပုံပြင်တွေကို ဒီမှာပဲ ပြောပြတော့ မယ်နော် ...
ညချမ်းအခါတွေမှာ ချစ်သူရဲ့ အိမ်ရှေ့ ... ပြတင်းပေါက် အောက်နားကနေ ဂစ်တာလေးနဲ့ သီချင်းသံလေးတွေ သီကျူး ပြတတ်ကြတာကို ခင်ခင် ကြုံဖူးလိမ့်မယ် ထင်ပါရဲ့။ ခင်ခင်တို့ အိမ်နားမှာလည်း ဒီလိုပဲ လာပြီး တေးသီခဲ့ကြလိမ့်မယ် ထင်တယ်နော်။ အဲဒါကို သိုးဆောင်းဘာသာစကားနဲ့တော့ Serenade လို့ ခေါ်တာပေါ့။ အဲဒီလို ချစ်ခြင်းဖွဲ့ သံစဉ်တေးတွေ သီခဲ့ကြတာ လူ့ပြည်မှာတင်မဟုတ်ဘူး ခင်ခင်ရဲ့။ ဟိုး ထက်မိုးယံက တာဝတိံသာ နတ်ပြည်မှာလည်း ဒီလိုပဲတဲ့။ Serenade ဟာ လက်စသတ်တော့ တာဝတိံသာနတ်ပြည်က စခဲ့တာကိုး ...။ 
ကဲ ... ပုံပြင်ဆိုတော့လည်း ဟိုး ... ရှေးရှေးတုန်းက လို့ပဲ စရမှာပေါ့။ 
ဟိုး ... ရှေးရှေးတုန်းက တာဝတိံသာ နတ်ပြည်ကြီးမှာ နတ်သားလေး တပါး ရှိသတဲ့။ အဲဒီနတ်သားလေးရဲ့နာမည်က "ပဉ္စသီခ" တဲ့။ သူက အရမ်းလှတဲ့ နတ်သမီးလေးတပါးကို ချစ်မိပါရောတဲ့။ ဒါပေမဲ့ သူ့ရဲ့ဆရာသမား သိကြားမင်းကြီးက ချစ်သူကို စစ်ခင်းပြီး အရယူနိုင်သလို သူကတော့ စစ်ခင်းနိုင်စွမ်းမရှိရှာဘူးလေ။ အဲဒီတုန်းက သူက သာမန်နတ်သားလေးပဲကိုး။ သူချစ်မိတဲ့ နတ်သမီးလေး က "သူရိယဝစ္ဆသာ" တဲ့။ ရွှေမန်းတင်မောင်ကြီး ဟဲသွားတဲ့ "အို ဒေဝစ္ဆရာ .... ရွှေနတ်ကညာ အလှတကာတို့ ... ပေါင်းကာ စုဝေး ... လှဟန်ပေး လှရေးခြယ်ကာ ..." ဘာညာ ဆိုတဲ့ သီချင်းထဲက ဒေဝစ္ဆရာ ဆိုတာ အဲဒီ နတ်သမီးပဲပေါ့ ခင်ခင်ရယ်။ သူက တိမ္ဗရု နတ်စစ်သူကြီးရဲ့သမီးတော်လေးပေါ့။ ဒီတော့ကာ ဂုဏ်ရည်ချင်းကမတူလေတော့ နတ်သားလေးခမျာ နတ်သမီးလေး နားကို မကပ်နိုင်ဘူးပေါ့လေ။ ယောက္ခမလောင်း နတ်မင်းကြီးကလည်း သာမန်နတ်သားလေးဆိုတော့ သဘောမတူဘူး ထင်ပါရဲ့။ ဒါပေမဲ့ နတ်သားလေးက စောင်းတီး အလွန်တော်သတဲ့။ ဒီဇိုင်းကလည်း လန်းတယ်နဲ့တူတယ်။ သူက ဥသျှောင်ငါးခုနဲ့လေ။ လန်ထွက်နေမှာပဲနော်။ ပဉ္စ ဆိုတာက ငါးခု၊ သီခ ဆိုတာက ဦးစွန်းလို့ အနက် ရတယ်တဲ့။ သူ့မှာ နတ်စောင်းတလက်လည်း ရှိတယ် ခင်ခင်ရဲ့။ အဲဒီစောင်းကတော့ တခါတီးလိုက်ရင် လေးလကျော်မှ အသံစဲတယ် ဆိုတဲ့ ဗေလုဝ နတ်စောင်း ပါပဲ။ Sustain သိပ်ကောင်းတော့ ဒီခေတ် instrument တွေလို electronic effect တွေ ဘာတွေ မလိုဘူးပေါ့။ စောင်းရဲ့ နာမည် အပြည့်အစုံက "ဗေလုဝပဏ္ဍု" တဲ့။ ပါဠိတော်တွေမှာတော့ "ဗေလုဝပဏ္ဍုဝီဏ" လို့ ပြထားတယ်။ ဒီစောင်းကြီးက အသံရှိန် သိပ်ရှည်သလို စောင်းကလည်း အကြီးကြီးပဲကိုး၊ စောင်းလက်ရုံးကတင် သုံးဂါဝုတ်ရှိတယ်ဆိုပဲ။ စောင်းက ဥသျှစ်သီးမှည့် အရောင်ရှိတယ်ဆိုတော့ အဝါဖျော့ဖျော့ပေါ့နော်။ ပါဠိလို ဗေလုဝ ဆိုတာ ဥသျှစ်သီးလို့အဓိပ္ပာယ် ရသတဲ့။ စောင်းအိုးကရွှေနဲ့လုပ်ထားပြီး စောင်းလက်ရုံးက ဣန္ဒနီလာ ကျောက်၊ စောင်းကြိုး(ညှို့) တွေက ငွေကြိုးတွေ၊ စောင်းကြိုးရစ်တဲ့ ခင်တံလို့ခေါ်တဲ့ မှင်ရိုးက သန္တာနဲ့ လုပ်ထားတာတဲ့၊ ရွှေစောင်းအိုးမှာ ငွေညှို့တပ်ပြီး ဣန္ဒနီလာကျောက်တွေ၊ သန္တာကျောက်တွေနဲ့ ဆင်ယင်ထားတဲ့ စောင်းကြီးဟာ အရမ်းလှ မှာပဲနော်။
ဒီစောင်းကလည်း ရာဇဝင်နဲ့နော်။ မြတ်စွာဘုရားကို အမြဲတမ်းလိုက်ပြီး အနှောက်အယှက်ပေးနေတဲ့ မာရ်နတ်မင်းကြီးကို သိတယ်မဟုတ်လား။ အဲဒီ ပရနိမ္မိတ ဝဿဝတ္တီနတ်ပြည်က မာရ်နတ်မင်းကြီးဟာ မြတ်စွာဘုရားကို ခုနစ်နှစ် လုံးလုံး မျက်ခြေမပြတ် တကောက်ကောက်လိုက်ပြီး အမြဲတမ်းစောင့်ကြည့်အပြစ်ရှာတာတောင် ဘာအပြစ်မှ ဆိုစရာ မတွေ့လို့ စိတ်လေပြီး မြတ်စွာဘုရားအနားကနေ ထွက်ခွာသွားတော့သတဲ့။ ဘယ်လောက်တောင် စိတ်ပျက်သွားသလဲ ဆိုတော့ မာရ်နတ်မင်းကြီးဟာ သူ့ချိုင်းကြားမှာ ညှပ်ထားတဲ့ ဗေလုဝနတ်စောင်းကြီး လျှောကျကျန်ရစ်ခဲ့တာတောင်မှ သတိမထားမိ တော့ဘူးလို့ ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတ်ပါဠိတော်၊ မဟာဝဂ်၊ ဂါထာ ၄၅၂ မှာ ပါတယ်လေ။ အဲဒီ စောင်းကြီးကို သိကြား မင်းကြီးက အသာလေးသွားကောက်ပြီး စောင်းတီးကောင်းတဲ့ သူ့တပည့် ပဉ္စသီခ နတ်သားလေးကို ပေးလိုက်တာတဲ့ ခင်ခင်ရဲ့။ သိကြားမင်းကြီးကလည်း စတုမဟာရာဇ်နဲ့ တာဝတိံသာနတ်ပြည်ကြီး နှစ်ခုလုံးကို အစိုးရတဲ့ နတ်ဘုရင်ကြီး ဖြစ်နေတာတောင် ကိုယ်ပိုင်စောင်းကလေး မှ မရှိရှာဘူးနော် ... သူများကျကျန်ရစ်တဲ့ စောင်းကို သွားကောက်ရသတဲ့ ...
ဒါနဲ့ပဲ နတ်သားလေးက ဂုဏ်ရည်မတူတဲ့ ချစ်သူကို စောင်းသီချင်း ၁၅-ဂါထာ နဲ့ သူတို့ဗိမာန်ရှေ့မှာ ဆိုတီးလေးတီးပြီး သွားကြွေပြခဲ့တာပေါ့။ သူ့ စောင်းချင်းဂါထာ ၁၅-ပုဒ်ထဲမှာ ယောက္ခမလောင်းကြီးကို ဖားထားတဲ့ စာသားတွေလည်း ပါသေးတယ် ခင်ခင်ရဲ့။ သီလက္ခန္ဓ ဝဂ္ဂပါဠိတော်မှာ ပါတဲ့ ဂါထာတွေကို ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းထဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အနက်ပြန်ပြီး ရှင်းပြထားတဲ့အတိုင်း ပြောပြမယ်နော် ...
 
(၁) စောင်းညှိသီချင်း
 
ဗုဒ္ဓူ ပသံဟိတာ
ဓမ္မူ ပသံဟိတာ
သံဃူ ပသံဟိတာ
အရဟန္တူ ပသံဟိတာ
ကာမူ ပသံဟိတာ။
 
အကြင်စောင်းသံတျာ၊ ဂါထာ သီချင်းတို့သည်၊ ဘုရားဂုဏ်အထူးကို ချီးကျူးစွဲမှီ၍ ဖြစ်ကုန်၏။ တရားကျေးဇူးဂုဏ်အထူးကို ချီးကျူးစွဲမှီ၍ ဖြစ်ကုန်၏။ သံဃကျေးဇူး ဂုဏ်အထူးကို ချီးကျူးစွဲမှီ၍ ဖြစ်ကုန်၏။ ရဟန္တာကျေးဇူးဂုဏ်အထူးကို ချီးကျူးစွဲမှီ၍ ဖြစ်ကုန်၏။ ကာမဂုဏ်ကျေးဇူးဂုဏ်အထူးကို ချီးကျူးစွဲမှီ၍ ဖြစ်ကုန်၏။ အရှင်ဘုရား၊ အရှင်ဘုရားအား၊ ထိုစောင်းသံတျာ၊ ဂါထာသီချင်းတို့ဖြင့်၊ တပည့်တော် ပဉ္စသီခသည်၊ ရွှေနားတော်သွင်းပါအံ့။
 
(၂) စောင်းသံ
ဝန္ဒတေ ပိတရံ ဘဒ္ဒေ။
တိမ္ဗရုံ သူရိယဝစ္ဆသေ၊
ယေန ဇာတာသိကလျာဏီ၊
အာနန္ဒ ဇနနီမမ။
 
နှမ သူရိယဝစ္ဆ။ အကြင် အကြောင်းကြောင့်။ ကောင်းခြင်းငါးဖြာ၊ လက္ခဏာရှိထသော။ ကျွန်ုပ်၏ချစ်ကြိုက်မှုကြီးကို ဖြစ်စေတတ်ထသော။ သင် သူရိယဝစ္ဆာ နတ်ကညာသည်။ အကြင် တိမ္ဗရုနတ်မင်း၊ ခမည်းတော်မင်းကို။ မှီ၍၊ ဖွားမြင်သည့်။ ဖြစ်၏။ သင် သူရိယဝစ္ဆာ နတ်ကညာ၏။ တိမ္ဗရု မည်သော။ ထိုခမည်းတော် နတ်မင်းကို၊ အကျွန်ုပ်သည်၊ ရှိခိုးပါ၏။ ။
(ဤကား တိမ္ဗရုနတ်မင်းကြီး၏ သမီးတော် သူရိယဝစ္ဆာ နတ်သမီးကို အလိုရှိသဖြင့် ပဉ္စသီခနတ်သားသည် ဒုတိယ အကြိမ်မြောက် စောင်းချင်းဂါထာဖြင့် သာယာချေငံစွာ ပဏာမိတဗ္ဗ၊ ပဏာမ အားလျော်စွာ၊ ဝန္ဒနာ ပြုလုပ်ချက် ပေတည်း။)
 
(၃) စောင်းသံ
ဝါတောဝ သေဒတံ ကန္တော၊
ပါနိယံဝ ပိပါသတော။
အင်္ဂီရသိံ္မ ပိယာမေသိ၊
ဓမ္မော အရဟတံ ဣဝ။
 
နှမ။ အပူဖိစီး၍ ချွေးဒီးဒီးကျကုန်သောသူတို့သည်၊ လေညင်းကို၊ နှစ်သက်အပ် သကဲ့သို့လည်းကောင်း၊ ရေငတ်မွတ်သောသူသည်၊ သောက်ရေကို၊ နှစ်သက်အပ် သကဲ့သို့လည်းကောင်း၊ ရဟန္တာပုဂ္ဂိုလ်သည်၊ တရားကို၊ နှစ်သက်အပ် သကဲ့သို့ လည်းကောင်း၊ အလျှံပြိုးပြက် ထွက်သော ကိုယ်ရောင်ဖြင့် တောက်ပသော၊ သင်ချစ်ဆွေနှမကို၊ အကျွန်ုပ်အား၊ ချစ်အပ်ကြိုက်အပ်သည်၊ ဖြစ်ပြီ။ ။
(ဤကား သူရိယဝစ္ဆာနတ်သမီး၏ ကိုယ်ရောင်ကိုယ်ဝါ ကြောင့် ချစ်ကြိုက်ရပုံတည်း။)
 
(၄) စောင်းသံ
အာတုရေဿဝ ဘေသဇ္ဇံ၊
ဘောဇနံဝ ဇိဂစ္ဆတော။
ပရိနိဗ္ဗာယိ မံ ဘဒ္ဒေ၊
ဇလန္တမိဝ ဝါရိနာ။
 
ရောဂါစွန်းငြိ၊ အနာရှိသောသူအား၊ ဆေးကို၊ ပေး၍၊ ရောဂါပျောက်တိမ်း ငြိမ်းစေသကဲ့သို့လည်းကောင်း၊ ဆာလောင်သော သူအား၊ အစာကို၊ ပေး၍၊ ဆာလောင်မရှိ ငြိမ်းစေဘိသကဲ့သို့လည်းကောင်း။ ရေသည်၊ ထိန်ထိန်ညီးညီး တောက်လောင် သော မီးကို၊ ငြိမ်းစေသကဲ့သို့လည်းကောင်း၊ ချစ်ဆွေနှမ နတ်မယ်လျ၊ ချစ်ရပေရှာ၊ မယ့်မောင်ငါ၏၊ ကျုပ်နှမကြောင့်၊ ဒုက္ခဆူသီး၊ အပူကြီးကို၊ သင်ချစ်ဆွေနှမသည်၊ မြန်မြန်အသော့ငြိမ်းစေလော့။ ။
(ဤကား သင်နတ်သမီးကို အကြိုက်ကြီး ကြိုက်ရသော ဒုက္ခမီးကို ဖြေဖျောက်ပါ ဆိုလိုသည်)။
 
(၅) စောင်းသံ
သီတောဒကံ ပေါက္ခရဏိံ၊
ယုတ္တံ ကိဉ္ဇက္ခရေဏုနာ၊
နာဂေါ ဃမ္မာဘိတတ္တောဝ၊
သြဂဟေ တေ ထနုဒ္ဓရံ။
 
အပူလွန်မင်း နှိပ်စက်ခြင်းရှိသော၊ ဆင်ပြောင်သည်။ ရွှေကြာပဒုံ ပန်းဝတ်မှုံနှင့်၊ ပြည့်စုံသော။ ဧးမြချမ်းကြည်သော ရေလည်းရှိထသော။ ရေကန်သို့။ ဆင်းသက်၍။ ဧးကြည်လှစွာ ချမ်းသာခြင်းကို။ ရလေသကဲ့သို့။ ထိုနှင့်တမူ ထပ်တူထပ်မျှ။ မယ့်မောင်ငါသည်။ သင်ချစ်ဆွေနှမ၏။ သားမြတ်နှစ်ခုအကြား ရွှေရင်သားကို။ ဝါ၊ ရင်ဦးရတနာ ပန်းနှစ်မြွှာတို့၏ အကြားကို။ သက်ဝင်အာရုံ၊ ရင်ငွေ့ကိုလှုံရမှ။ စိတ်ရောကိုယ်ပါ၊ ချမ်းသာခြင်းကို၊ ရပါအံ့တကား။
(ဤကား ချစ်ဆွေနှမ၏ သားမြတ်နှစ်ခုတို့အကြားမှာ ကစားပျော်မွေ့ရမှ သုခချမ်းသာ ဖြစ်နိုင် ပါတော့မည် ဆိုလိုသည်။)
 
(၆) စောင်းသံ
အစ္စင်္ကုသောဝနာဂေါဝ၊
ဇိတံမေ တုတ္တတောမရံ၊
ကာရဏံ န ပဇာနာမိ၊
သမေတ္တာ လက္ခဏူရုယာ။
 
ချစ်ဆွေနှမ။ ချိတ်ငင်ဆွဲကြောင်း သံချွန်းတောင်းဖြင့်၊ ကောင်းစွာငင်နှိပ်၊ မချိတ်နိုင်သော။ ဆင်ပြောင်သည်။ ငါသည်။ နားရင်းထိုးစူး၊ ဒူးခြေလက်ထွင်း၊ ထိုခက်ရင်းကို။ အောင်အပ်ပြီ။ ဤသို့။ အဟုတ်ထစ်ထစ်၊ အမုန်ယစ်၍။ တစုံတခုသော အကြောင်းကို။ မသိသကဲ့သို့။ ပမာသို့မူ၊ ထို့အတူ။ မယ့်မောင်ငါသည်။ သင်ချစ်ဆွေနှမ၏။ ရွှေစိုင် တမွတ်၊ ပွတ်မှချွတ်သို့၊ ချောမွတ်လှဟန်၊ ရွှေပေါင်တန်စုံ၊ လက္ခဏာဂုဏ်ရှိသောကြောင့်။ ရာဂအမုန်၊ သုန်သုန် ယစ်မူး၊ အရူးကြီးကဲ့သို့ဖြစ်၍။ တစုံတရာသောအကြောင်းကို။ ဉာဏ်ရောင်ကင်းကွာ၊ မသိနိုင်တော့ပါ။
(ဤကား သူရိယဝစ္ဆသ နတ်သမီး၏ လက္ခဏာကြန် ပေါင်တန်နေပုံကောင်းသောကြောင့် ချစ်ရူးကြိုက်ရူး၊ အရူးကြီး ရူးရ သော ကျွန်ုပ် ပဉ္စသီခသည် ဘာကိုမျှ မသိနိုင်ပါဘူးဟု ဆိုလိုသည်။)
 
(၇) စောင်းသံ
တယိ ဂဓိတ စိတ္တောသ္မိ၊
စိတ္တံ ဝိပရိနာမိတံ၊
ပဋိဂန္တု န သက္ကောမိ၊
ဝင်္ကဃသ္တော အမ္ဗုဇော။
 
နတ်မေနှမ။ မယ့်မောင်ငါသည်။ သင်ချစ်ဆွေနှမ၌။ အမြဲသက်သက် စွဲမက်သော စိတ်ရှိသည်၊ ဖြစ်ပြီ။ အဖျားကော့ညိတ်၊ သံမျှားချိတ်ကို၊ စိတ်ရှိတိုင်း မျိုမှားသော။ ရေ၌ဖြစ်ပွားသော ငါးသည်။ တဖန်အသစ်၊ ပြန်နစ်ခြင်းငှာ။ ရုန်းအံ့ကြိုးပမ်း၊ မစွမ်းနိုင်ရှာသကဲ့သို့။ ပမာသို့မူ၊ ထို့အတူ။ မယ့်မောင်ငါ၏၊ စိတ်သည်။ ဘောက်ပြန်၏။ ဆုတ်နစ် တဖန်၊ ပြကတေ့ ဖြစ်ပြန်ခြင်းငှာ။ လုံ့လကြံ့ခိုင်၊ မစွမ်းနိုင်။ ။
(ဤကား သံမျှားချိတ်ကို မျိုမိမှားသော ငါးကဲ့သို့၊ ချစ်ရကြိုက်ရသော လောဘ ဘဝင်စိတ်တို့သည်၊ ငင်ချိတ်ဆွဲငင်အပ် သဖြင့် ရှေးကသဘောမျိုး မဖြစ်နိုင်တော့ပြီ ဟု ဆိုလိုသည်။)
 
(၈) စောင်းသံ
ဝါမူရု သဇမံ ဘဒ္ဒေ၊
သဇမံ မန္ဒလောစနေ။
ပလိသဇမံ ကလျာဏီ၊
ဧတံမေ အဘိ ပတ္တိတံ။
 
ပွတ်မှာတင်ချွတ်၊ တမွတ်ရွှေစိုင်၊ ရောင်ပြိုင်လှမော၊ ရွှေငှက်ပျောတုံးဟန်ပန်၊ ရွှေပေါင်တံရှိသော။ ချစ်ဆွေနှမ။ မယ့်မောင်ငါ့ကို။ ရွှေမုရိုးစည်ပုံမယွင်း၊ ရွှေလည်ပင်းကို ချက်ခြင်းသိမ်းယှက်၊ ဖက်လှည့်ပါလော။ မထေ့တထေ့နှင့်၊ သိမ်မွေ့စွာ ကြည့်ရှုလေ့ရှိသော။ ချစ်ဆွေနှမ။ မယ့်မောင်ငါ့ကို။ ရွှေမုရိုးစည်ပုံမယွင်း၊ ရွှေလည်ပင်းကို ချက်ခြင်းသိမ်းယှက်၊ ဖက်လှည့်ပါလော။ ကောင်းခြင်းငါးဖြာ၊ လက္ခဏာများနှင့် ပြည့်စုံသော။ ချစ်ဆွေနှမ။ မယ့်မောင်ငါ့ကို။ ပေါင်ပေါ်ထက်ဖျား၊ ကိုယ်လုံးထား၍၊ ပိုက်ဖြားမကြွင်း၊ မောင့်လည်ပင်းကို၊ ညှင်းညှင်းသာသာ၊ ဖက်လှည့်ပါလော့။ ဤသို့ ဖက်ခြင်းကို။ မယ့်မောင်ငါသည်။ အလွန်အလိုရှိအပ်ပြီ။ ။
(ဤကား ပေါင်တန်လှသော ချစ်ဆွေနှမသည် ကျွန်ုပ်လည်ပင်းကို ဖက်လှည့်ပါလော့။ ။ ကောင်းပုံငါးမျိုးနှင့် ပြည့်စုံသော ချစ်ဆွေနှမ၏ ပေါင်ပေါ်၌ ကျွန်ုပ်ကိုယ်လုံးကိုထား၍ လည်ပင်းကို ဖြည်းညင်းသာယာစွာ ပွေ့ပါ ဖက်ပါဟု ဆိုလိုသည်။)
 
(၉) စောင်းသံ
အပ္ပကော ဝတ မေသန္တော၊
ကာမော ဝလ္လိတ ကေသိရာ။
အနေကဘာဝေါ သမပါဒိ၊
အရဟန္တောဝ ဒက္ခိဏာ။
 
ညွန့်ဖျားကော့ကော့၊ ကြော့ရှင်းကောင်းစွာ၊ ဆံကေသာရှိသော။ လှပုံတင့်တယ်၊ မောင့်သက်လယ်။ သင်နှမ၌။ မယ့်မောင်ငါ၏။ ချစ်ရကြိုက်ရသော ကာမဆန္ဒသည်။ များစွာအပုံ၊ ရှိပါတုံလျက်။ ချစ်ဆွေနှမက။ ငါ၌။ ချစ်ကြိုက်မေတ္တာ၊ နည်းလှပါတကား။ ရဟန္တာပုဂ္ဂိုလ်၌။ သဒ္ဓါကြည်ဖြူ၊ ပေးလှူအပ်သောအလှူသည်။ အပုံကြီးများသော အကျိုးရှိသည်။ ဖြစ်သည်သာလျှင်တည်း။ ။
(ဤကား ဆံပင်ကောင်းသော ချစ်ဆွေနှမ၊ နှမအပေါ်မှာ မေတ္တာသက်ရောက်ပါသော မောင်၏ ချစ်ခြင်းတရားများများကြီး ရှိပါလျက်၊ နှမ၏ ချစ်ပုံနည်းလှချေတကား။ ရဟန္တာကို လှူရသောအကျိုးသည် အပုံကြီးများသည်ဟု ဆိုလိုသည်။)
 
(၁၀) စောင်းသံ
ယံမေအတ္ထိ ကတံပုညံ၊
အရဟန္တေသု တာဒိသု။
တံမေ သဗ္ဗကလျာဏီ၊
တယာ သဒ္ဓိံ ဝိပစ္စတံ။
 
တကိုယ်လုံးချောသော။ နတ်မေနှမ။ သည်းခံနိုင်သော ဂုဏ်ထူးရှိကုန်သော။ ရဟန္တာပုဂ္ဂိုလ်တို့၌။ မယ့်မောင်ငါ၏။ ပြုအပ်သော။ အကြင်ကောင်းမှုသည်။ ရှိ၏။ ထိုကောင်းမှုသည်။ သင်ချစ်ဆွေနှမနှင့်။ အတူတကွ။ ရွှေလည်ဘက်နွှဲ၊ လက်တော်ဆွဲ၍၊ ခပဲရောယု၊ အကျိုးစုကို ယခုခံစားရပါစေ။ ။
(ဤကား တကိုယ်လုံးချောသော၊ လှသော ချစ်ဆွေနှမ။ ရဟန္တာပုဂ္ဂိုလ်တို့၌ ကျွန်ုပ်ပြုရသောကောင်းမှုကြောင့်၊ ချစ်ဆွေနှမ နတ်မယ်လျနှင့်၊ တကွရွှင်ကြည်၊ ရွှေလည်ဘက်နွှဲ၊ လက်ကိုဆွဲ၍၊ အမြဲပေါင်းဘော်ရပါစေသောဟု ဆိုလိုသည်။)
 
(၁၁) စောင်းသံ
ယံမေအတ္ထိ ကတံပုညံ၊
အသ္မိံ ပထဝီ မဏ္ဍလေ။
တံမေ သဗ္ဗကလျာဏီ၊
တယာ သဒ္ဓိံ ဝိပစ္စတံ။
 
တကိုယ်လုံးလှသော။ ချစ်ဆွေနှမ။ ဤမြေအပြင်၌။ မယ့်မောင်ငါ၏။ ပြုအပ်သော။ အကြင်ကောင်းမှုသည်။ ရှိ၏။ ထိုကောင်းမှုသည်။ သင်ချစ်ဆွေနှမနှင့်။ အတူတကွ။ အတူအမျှ ခံစားရပါစေ။ ။
(ဤကား မြေအပြင်၌ ကျွန်ုပ်ပြုအပ်သော ကောင်းမှုအကျိုးအားဖြင့် တကိုယ်လုံးလှသော ချစ်ဆွေနှမနှင့် ထပ်တူထပ်မျှ ခံစားရပါစေဟု ဆိုလိုသည်။)
 
(၁၂) စောင်းသံ
သကျပုတ္တောစ ဈာနေန၊
ဧကောဒိ နိပကောသတော။
အမတံ မုနိ ဇိဝိသာနော၊
တမဟံ သူရိယဝစ္ဆသေ။
 
သူရိယဝစ္ဆ အမည်ရသော။ ချစ်ဆွေနှမ။ သာကီဝင်မင်းသားလည်း ဖြစ်ထသော။ ဈာန်ဖြင့်။ မြတ်သောအဖြစ်သို့ ရောက်ထသော။ ရင့်သောပညာလည်း ရှိထသော။ သတိနှင့်လည်း ပြည့်စုံထသော။ မြတ်စွာဘုရားသည်။ များစွာမြင့်ကြာ၊ သံသရာပတ်လုံး။ နိဗ္ဗာန်ကို။ ရှာမှီးလျက်။ ကျင်လည်တော်မူ၏သို့။ ထို့အတူ။ မယ့်မောင်ငါသည်လည်း။ ထိုအလှဆန်းကြယ်၊ နတ်မိမယ်ကို။ ရင်ငွေ့ပန်းမှုံ၊ လှုံရပါကြောင်း။ အောက်မေ့ရှာကြံလျက်။ ကျင်လည်သွားလာ၊ မြင့်ကြာလှလေပြီ။ ။
(ဤကား သံသရာ ဘဝဘဝက၊ ဘုရားလောင်းသည် နိဗ္ဗာန်ကို ရှာသကဲ့သို့၊ ချစ်ဆွေနှမနှင့် ပေါင်းဘော်ရအောင် ရှာကြံ ရသည် ဟု ဆိုလိုသည်။)
 
(၁၃) စောင်းသံ
ယထာပိ မုနိနေႏၵယ်၊
ပတြာ သေမၺာဓိ မုတၱမံ။
ဧဝံ နေႏၵယ်ံ ကလ်ာဏီ၊
မိႆဘာဝံ ဂေတာ ယထာ။
 
ကိုယ်အင်္ဂါငါးပါး၊ လက္ခဏာများနှင့် ပြည့်စုံသော။ နှမ။ မြတ်စွာဘုရားသည်။ မြတ်သော၊ သဗ္ဗညုတဉာဏ်တော်သို့။ ရောက်၍။ နှစ်သက်တော်မူ၏သို့။ ထို့အတူ။ မယ့်မောင်ငါသည်။ သင်နတ်မယ်နှင့်။ ရောနှောရွှင်ပျော်၊ ပေါင်းဘော်ရခြင်းသို့။ ရောက်သည်ရှိသော်။ နှစ်သက်ရွှင်ဖိန်း၊ ရှိန်းရအံ့တကား။ ။
(ဤကား မုနိငါးပါးတို့ကို အစိုးရတော်မူသော မြတ်စွာဘုရားသည်၊ ထူးကဲလွန်မြတ်လှစွာသော သဗ္ဗညုတဉာဏ်တော်ကို ရ၍၊ ဝမ်းမြောက်နှစ်သက်တော်မူလှသဖြင့် အနေကဇာတိ သံသာရံ စသော ဂါထာဥဒါန်းကို ကျူးရင့်သည်နှင့်အတူ၊ ငါတမူ လည်း၊ ချစ်ဆွေနှမ၊ နတ်မယ်လျနှင့်၊ တကွရွှင်ပျော်၊ ပေါင်းဘော်ယှဉ်တွဲ ရသည်ရှိသော်၊ အလွန်အကြူး၊ အထူးနှစ်သက် ရလိမ့်မည် ဟု ဆိုလိုသည်။)
 
(၁၄) စောင်းသံ
သက္ကော စေမေ ဝရံဒဇ္ဇာ၊
တာဝတိံသာ နမိဿရော။
တာဟံဘဒ္ဒေ ဝါရေယျာဟေ၊
ဧဝံ ကာမော ဒဠော မမ။
 
အို သူရိယ ဝစ္ဆ၊ နာမဆန်းကြယ်၊ နတ်မိမယ်။ တာဝတိံသာနတ်တို့ကို။ အစိုးရသော။ သိကြားမင်းသည်။ မယ့်မောင်ငါ့အား။ နတ်ပြည်နှစ်ထပ်၊ နတ်စည်းစိမ်ဆုမြတ်ကို။ အကယ်မသွေ၊ ပေးခဲ့ချေအံ့။ ဤသို့ပေးစေကာမူ၊ ထိုစည်းစိမ်ဆုမြတ်ကို။ မယ့်မောင်ငါသည်။ မလိုတားမြစ်၊ ပယ်ရှားပစ်လိမ့်။ သင်ချစ်ဆွေနှမ၌သာလျှင်၊ မယ့်မောင်ငါ၏။ ရမ္မက်ယစ်ပိုး၊ ချစ်နှောင် ကြိုးသည်။ ဖြေချွတ်နိုင်ဘဲ၊ မြဲလေစွတကား။ ။
(ဤကား၊ အိုသူရိယဝစ္ဆ၊ နာမဆန်းကြယ်၊ မောင့်သယ်လှယ်။ သိကြားမင်းသည်၊ တာဝတိံသာနတ်ပြည်ကြီး၏ စည်းစိမ်ကို၊ အကယ်၍ ပေးစေကာမူ မလိုချင်၊ သင်နတ်မယ်ကိုသာလျှင် လိုချင်သည် ဟု ဆိုလိုသည်။)
 
(၁၅) စောင်းသံ
သာလံ ဝ နစိရံ ဖုလ္လံ၊
ပိတရံ သ သုမေဓသေ။
ဝန္ဒမာနော နမဿာမိ၊
ကဿတေ တာဒိသီပဇာတိ။
 
လောကွတ်ပျူငှာ၊ အရာရာ၌၊ လိမ္မာသော ဉာဏ်အမြင်ရှိသော၊ ချစ်ဆွေနှမ။ သင်နတ်မယ်သည်။ အကြင်အဘ၏။ ဤသို့ပြင်လျာ၊ လက္ခဏာများနှင့်ပြည့်စုံသော။ ချစ်သမီးသည်။ ဖြစ်ချေ၏။ မပြတ်။ ပွင့်သော။ နတ်မိမယ်တို့၊ စံပျော်ပျို့သည်၊ မြို့၏အနီး၊ အင်ကြင်းပင်ကြီးနှင့် တူသော။ သင်နတ်မယ်၏။ ခမည်းတော် တိမ္ဗရုနတ်မင်းကို။ ပဉ္စသီခ၊ မည်ရသညာ၊ မယ့်မောင်ငါသည်။ ချီးမွမ်းရွှင်မောလျက်။ တုံ့ဝပ်ရိုကျိုး၊ ရှိခိုးပါ၏။ ။
(ဤကား လောကွတ်ပျူငှာကောင်းသော ချစ်ဆွေနှမ၏ အဘကို ရှိခိုးပါ၏ဟု ဆိုလိုသည်။)
 
ကိုင်း ... စာသားတွေကတော့ လန်ထွက်နေတာပဲ မဟုတ်လား ခင်ခင် ...
အဲဒီ စောင်းချင်းဂါထာ ၁၅-ပုဒ်နဲ့လည်း ကြွေပြပြီးရော ပဉ္စသီခနတ်သားကို သူရိယဝစ္ဆ နတ်သမီးလေးက မေတ္တာတုံ့ပြန် လိုက် သတဲ့။ တိမ္ဗရုနတ်စစ်သူကြီးကလည်း သမီးတော်နဲ့သဘောတူကြည်ဖြူသွားတယ် ဆိုတော့ အဲဒီအချိန်ကနေစပြီး အခုထက်ထိ ပျော်ရွှင်စွာ ပေါင်းဖော် ကြလေသတည်းပေါ့ ခင်ခင်ရယ် ...
ပုံပြင်လေးကတော့ ဒါပါပဲကွယ် ...
 
 
ဟယ်ရီ

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment