ဝါတွင်းချိန် ငှက်ကလေးက စိုးစီ စိုးစီ ဝင်းပေါက်မှာမြည်။ ချိန်တန်ပြီ ညီမထွေးရဲ့ ဆွမ်းချက်စို့လေး … ။ ။ ဦးပေါင်းကို ဆွမ်းတော်တင် သုံးချောင်းထောက်ပြင်။ သံလွင်လွင် ကြေးစည်တီး ထွန်းတဲ့ဆီမီး။ ။ အမျှတဲ့ သုံးကြိမ်ဝေ သွန်းတဲ့ညောင်ရေ။ မာပါစေ ကမ္ဘာသား ထက်အောက်နံလျား။ ။ ရွာဦးက ကြေးစည်သံ ကျောင်း ဝေဠုဝန်။ ဆွမ်းတော်ခံ ကိုရင်ကြွလိမ့် ဆွမ်းအုပ်ပြင်ပ။ ။ ကိုရင်ကြီးပျိုတို့မောင် ညှိုးနွဲ့ယောင်ယောင်။ ပျိုတို့မောင် မာပါစ မေးလိုက်ပါကြ။ ။ မာပါရဲ့ အထွေးရယ် ပြောလိုက်ပါကွယ်။ ရွာလယ်မှာ ကိုရင်ပန်းလို့ ညှိုးလျရိနွမ်း။ ။ ကပ္ပိယ အဘိုးအို ဆိုးလှတယ်ဆို။ တို့ကိုရင် ထိပ်ပြောင်သားကို ခေါက်လိမ့်လေလား။ ။ ဟင်းလေးကို ကျိုချက်လို့ မနက်က ထည့်လိုက်တယ် ကိုရင့်ဖို့ကွယ်။ ရွာလယ်မှာ သူငယ်လဲတယ် ဆွမ်းတော်ခွက်ကွဲ။ ။ ချာရစ်လေးမပျောက်ခင် ထွက်ခဲ့စေချင်။ လိင်ပြန်ရင် ဆံရှေထားပါနဲ့ သန်းတွေကများ။ ။ လိင်ပြန်ရင် ကိုရင်ဝတ်ဖို့ ပလေကပ် အနံကျယ် ဈေးကြိုက ဝယ်။ အနံကျယ် ခါးပုံနွဲ့တယ် ဆုတ်လိုက်ပါ … တဲ့။ ။ ဆွမ်းတော်ခံ ကိုရင်ကြွတော့ မယ် စလို့ မေးလိုက်တယ်။ ရှင်လိင်ပြန် ဘယ်တော့ရက် ထွက်ခဲ့ပါမယ်။ မျက်နှာငယ်ငယ် ဘယ့်နှယ်မှ မမိန့်။ သည်တစ်ဝါ အနိုင်ခဲလို့ နွှဲရရှာလိမ့်။ ။ ကိုရင်ကြီးလာမယ်ဆို ဝင်းပေါက်ကကြို။ အို .. အလို ကိုရင်ထွက်ကယ် ငါး ငပိချက်။ ။ မင်းသုဝဏ် (၂၁၊ ၅၊ ၁၉၃၆) |
No comments:
Post a Comment