မင်္ဂလာပါ........သူငယ်ချင်းတို့
သူငယ်ချင်းတို့ကို ဒီတစ်ခါ တင်ဆက်ချင်တာကတော့ စီမံအုပ်ချုပ်နည်း လေးတွေပါ..... နောင်တစ်ချိန်မှာ ဒီဆိုဒ်လေးမှာရှိနေတဲ့ သူငယ်ချင်းတို့က နောင်တစ်ချိန်မှာ လုပ်ငန်းကြီးလုပ်နိုင်တဲ့အခါ ကိုယ့်ဝန်ထမ်းတွေကို ဘယ်လို စီမံအုပ်ချုပ်ရမယ်ဆိုတဲ့ နည်းလမ်းလေးတွေပါ...........
သူငယ်ချင်းအားလုံးကို တင်ပြလိုက်ပါတယ်................
စီမံအုပ်ချုပ်နည်း အပိုင်း ( ၁ )
(1) လူသားတိုင်း အမှားမကင်းပါ ဒါကြောင့် အမှားတစ်ခု လုပ်လိုက်မိရင် မှားပြီလို့လက်ခံလိုက်ပါ ပြီးရင် မှန်အောင် ပြင်ပါ ။
(2) ကိုယ့်ဝန်းကျင်က လူတွေရဲ့ မွေးနေ့တွေကို ဒိုင်ယာရီ သတ်သတ်စာအုပ်နဲ့ ရေးမှတ်ထားတာမျိုး သီးသန့်ထားပါ လူတိုင်းကို သူတို့မွေးနေ့တွေမှာ ဆုတောင်းပေးနိုင်တာပေါ့ ( မွေးနေ့ အမှန်ဖြစ်ဖို့တော့ ဂရုစိုက်ပါ )
(3) ရုံးဝန်ထမ်းတိုင်းရဲ့ မွေးနေ့တွေမှာ ကျန်လူတွေက ငွေစုထည့်ကျင်းပတဲ့ မွေးနေ့ပါတီ လုပ်ကြဖို့ စည်းရုံးထားပါ ဆော်ဩပါ ။
(4) ဝန်ထမ်းတွေက ပြောစရာရှိလာရင် ဂရုတစိုက် နားထောင်ပါ သူတို့တင်ပြတဲ့ အကြံဥာဏ်တွေကို အသိအမှတ်ပြုပါ ။
(5) သူများ စိတ်ကူးကို ကိုယ့်စိတ်ကူးလုပ်ပြီး အမှတ်မယူမိပါစေနဲ့ ။
(6) အဖွဲ့နဲ့ လုပ်ရတဲ့ လုပ်ငန်းတစ်ခု စီမံချက်တစ်ခု ပြီးသွားတိုင်းမှာ အဖွဲ့ဝင်တွေကို သူတို့ရဲ့ပူးပေါင်းပါဝင် လုပ်ဆောင်မှုတွေအတွက် ကျးဇူးစကားပြောပါ ။
(7) ကိုယ့်ဝန်ထမ်းတွေကို ကိုယ်တက်နိုင်တဲ့ အတိုင်းအတာအရ လက်ဖက်ရည် ကော်ဖီ ဘီစကွပ် စတဲ့ သရေစာတွေ ပံ့ပိုးပေးထားပါ ။
(8) လုပ်ငန်းခွင်က သိပူအိုက်လွန်းတာ သိပ်အေးတာမျိုးဖြစ်ရင် အလုပ်လုပ်ရတာ အခက်အခဲ တွေ့ပါတယ် ပန်ကာတို့ အပူပေးစက်တို့ ဖန်တီးပေးထားပါ ။
(9) ဝန်ထမ်းအသစ်ကို လုပ်ငန်းခွင်နဲ့ အကျွမ်းဝင်သွားအောင် လိုက်ပြပေးပါ သက်ဆိုင်သူတွေနဲ့လည်း မိတ်ဆက်ပေးပါ ။
(10) အရင်တုန်းက အဆင်ပြေခဲ့တဲ့ နည်းစနစ်ဟာ ယခုအဆင်ပြေချင် ပြေမယ် ပြေချင်မှလည်း ပြေမယ် ဝန်းထမ်းတွေဟာ ကောင်းမယ် ထင်တာ ထွင်လုပ်ကြည့် စမ်းကြည့်နိုင်ကြကြောင်း ပြောပြထားပါ လိုအပ်တဲ့နေရာမှာကူးပြီး အကြံပေးပါ ။
(11) တစ်ခုခုမှာ ပိုကောင်းအောင် လုပ်ချင်နေတဲ့ တိုးတက်မှု ရချင်နေတဲ့ ဝန်ထမ်းတစ်ဦးကို ညှိနှိုင်းအကြံပေးလိုက်ရတဲ့ အခါမျိုးမှာ သူ့ အခြေအနေ ဘယ်လိုလဲဆိုတာ ( နောက်တစ်ပတ် တစ်လအကြာ ) ထပ် စစ်ဆေးမေးမြန်းပါ တိုးတက်မှုရလာတာ တွေ့ရင် သူ့ ကိုအသိပေးပါ ။
(12) ကိုယ်တစ်ယောက်တည်း တာဝန်ခံလုပ်ကိုင်ရတဲ့လုပ်ငန်းမျိုးမှာ ကိုယ့်ရဲ့စိတ်ပါမှု တက်ကြွမှု ဘယ်လောက်များပြားနေသေးသလဲဆိုတာ အမြဲပြန်စစ်ပါ မနိုင်ရင် အကူရှာပါ မကြာခဏဆိုသလို ကိုယ်စိတ်နှစ်ပါးစလုံး အနားယူပါ ။
(13) တစ်နေ့နေ့မှာ ကော်ဖီတို့ မုန့်တို့နဲ့ ညနေခင်းပါတီကလေးလုပ်ပေးပါ ကိုယ့်အဖွဲ့သားအားလုံးကို ဖိတ်ပါ သူတို့လည်း လန်းသွားမယ် အချင်းချင်းလည်း ပိုရင်းနှီးတာပေါ့ ။
(14) လုပ်ကြီးတစ်ခုပြီးမြောက်သွားရင် အထိမ်းအမှတ်ပွဲတစ်မျိုးမျိုး ဖန်တီးပေးပါ ။
(15) လုပ်ငန်းတစ်ခု စီမံကိန်းတစ်ခုစီစဉ်ရင် ဝန်ထမ်းတွေအပေါ်ကျလာမယ့် အလုပ်ဒဏ်ကို ထည့်စဉ်းစားပါ အလုပ်တွေ စုပြုံမလာအောင် လွှဲပေးခြင်း ခွဲပေးခြင်း အားဖြင့် ဝန်ထမ်းတွေအပေါ် မလိုအပ်ဘဲ အလုပ်ဒဏ်ပိတာမျိုးကို ရှောင်နိုင်ဖို့ စီမံပါ ။
(16) တကယ်အကောင်အထညိဖော်/ ကိုယ်တိုင်လုပ်ရတဲ့လူမျိုးကို အထောက်အကူပေးဖို့လိုပါတယ် အကြံပေးပြီး ပံ့ပိုးတာမျိုးပိုပြီးသုံးပါ ။
(17) ဝန်ထမ်းတွေကို ရုံးတယ်လီဖုန်းမှာ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် ပြောခွင့်ပြုထားလိုက်ပါ ။
(18) အပြင်က ရေပိုက်ပြင်သမား မီးပြင်သမားတွေ ရုံးလာအလုပ်လုပ်တဲ့အခါ သူတို့ကို ရုံးဝန်ထမ်းတွေအတွက် သရေစာကျွေးမွေးသလိုပဲ ကျွေးမွေးဧည့်ခံပါ ပစ်မထားပါနဲ့ ။
(19) ဝန်ထမ်းတွေကို ဌာနတွင်းသင်တန်းတွေ စီစဉ်ပေးပြီး အဆင့်မြှင့်တင်ပေးပါ အပြင်သင်တန်းတွေ သွားတက်နိုင်အောင် ပံ့ပိုးပေးပါ။ ဒါမှ သူတို့ရဲ့ အရည်အသွေးတွေ မြင့်လာမယ် ။
(20) ကြီးကြီးမားမား မျှော်လင့်ထားရင် ကြီးကြီးမားမားတွေရလာတက်ပါတယ် အကောင်ဆုံး အားထုတ်ကြိုးပမ်းမှုမျိုးကိုပဲ မျှော်လင့်ထားကြာင်း ဝန်ထမ်းတွေကို ပြောပြထားပါ ကြိုးစားပြနိုင်သူကို ထိုက်ထိုက်တန်တန် ချီးမြှင့်မြှောင့်စားပါ ။
(21) ဝန်ထမ်းတစ်ယောက်ရဲ့ အခက်အခဲတစ်ခုကို ကိုယ်က ဖြေရှင်းမပေးသာတဲ့ အနေအထားမျိုး ရှိတတ်တယ် ဖြေရှင်းမပေးနိုင်ပေမယ့် စာနာမှုကို ပြနိုင်မှာပါ အဲဒိလို စာနာပြလိုက်ခြင်းဟာ ထူးခြားမှု ရှိလာပါလိမ့်မယ် သူအားငယ်နေတဲ့အချိန်မှာ ကိုယ်က ရောက်လာပြီး အားပေးတာကို သူ နားလည်မှာပါ ။
(22) ကိုယ့် ဝန်ထမ်းတွေဟာ "ကိုယ်နဲ့ လက်တွဲလုပ်ကြသူတွေ" လို့ပြောဖို့နဲ့ "ကိုယ့်အတွက်လုပ်ကိုင်ပေးနေကြတဲ့သူတွေ" ဆိုတဲ့ သဘောမျိုးမပြောမိဖို့ သတိထားပါ ။
(23) လိုရင် ရှာမတွေ့နိုင်တာမျိုးမလုပ်ပါနဲ့ ကိုယ့်ကိုဘယ်မှာ တွေ့နိုင်မယ် ဘယ်မှာရှိနိုင်မယ်ဆိုတာ အသိပေးထားပါ ။
(24) အတိုင်းအတာတွေကြောင့်ဖြေရှင်းရဖို့ရှိလာရင် မကျေနပ်ချက် တိုင်ချက်ကို သေသေချာချာ နားထောင်ပါ အချက်အလက်မှန်မမှန် ထပ်စစ်ပါ ပြီးမှလုပ်စရာရှိတာလုပ်ပါ ပြဿနာရဲ့ သဘာဝကို အရင်းဆိုက်အောင် မရှာဘဲနဲ့ အလျင်စလို ဆုံးဖြတ်ချက်ချရင် မျက်နှာပူစရာ အားနာစရာတွေ ဖြစ်လာတတ်တယ် ။
(25) သိချင်တာတွေ အကြံပေးချင်တာတွေရှိရင် ရေးသူနာမည် ဖော်ပြစရာမလိုတဲ့ စာတွေရေးပို့ပြီး စုံစမ်းနိုင် အကြံပေးနိုင်ကြောင်းကိုပါ ဝန်ထမ်းတွေကို အသိပေးထားပါ အဲဒီစာမျိုးတွေ လက်ခံဖို့ ပုံးတစ်ပုံးထောင်ထားပေးပါ ကိုယ့်အုပ်စုကို ပုံမှန်အစည်းအဝေးခေါ်ပြီး အဲဒီစာတွေမှာပါတဲ့ မေးမြန်းချက်တွေဖြေပြပါ အကြံပေးချက်တွေကို အားလုံးရှေ့မှာ ပြောပြပါ ။
စီမံအုပ်ချုပ်နည်း အပိုင်း ( ၂ )
(26) လုပ်ငန်းခွင် လောကမှာ အထူးသဖြင့် ထုပ်လုပ်တပ်ဆင်စက်တွေမှာ အလုပ်အမားတွေဟာ နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်နေမှုတွေနဲ့ အဆက်ပြတ်နေတက်ကြတယ်။ သူတို့ကို ခေတ်ပေါ်တိုးတက်မှုတွေအကြောင်း မှန်မှန်းအကြောင်းကြားပေး ဟောပြောပေးပါ ။
(27) ရုံးသုံးစက်တွေ ဝယ်သုံးရင် ရိုးရိုးရှင်းရှင်းတွေကိုပဲ ရွေးပါ သုံးဖို့ကြုံလာတဲ့အခါ ဝန်ထမ်းတိုင်းက သုံးတက်နေဖို့လိုပါတယ် ။
(28) ရာထူးသိပ်မကြီးလို့ဆိုပြီး ဝန်ထမ်းတစ်ဦးကို လူရာမသွင်းတာ အားငယ်အောင်လုပ်တာမျိုး မဖြစ်ပါစေနဲ့ ။
(29) ဝန်ထမ်းတစ်ယောက်ကို ဘာမပြော ညာမပြောနဲ့ အလုပ်ရပ်စဲလိုက်တယ်ဆိုရင် မတရားရာ ကျပါတယ် အခြားဝန်ထမ်းတွေရဲ့ စိတ်ထဲ မှာလည်း စိုးရိမ်စိတ်တွေ ပွားလာစေနိုင်တယ် ။
(30) ကိုယ့်လုပ်ငန်းရဲ့ အခြေအနေကြောင့် ဝန်ထမ်းတွေကို လစာတိုးမပေးနိုင်သေးရင် အဲဒီအနေအထားကို သူတို့တွေကိုရှင်းပြပါ။ ဝန်ထမ်းတွေရဲ့ နားလည်မှု သစ္စာရှိမှုကိုရရင် အခက်အခဲ ကျော်လွှားနိုင်မှာပါ ။
(31) ကိုယ့်ဝန်ထမ်းတော်တော်များများရဲ့ ဇနီး ခင်ပွန်း တွေကပါ အလုပ်လုပ်ကြရင် ( အိမ်မှာ မနေဘဲ အပြင်ထွက် လုပ်ကိုင်ကြတယ်ဆိုရင်) နေ့ကလေးထိန်း ဌာန မူကြို ကျောင်းတစ်ခု ဖွင့်ပေးပါ ကုန်ကျစရိတ်ကိုတော့ မိဘတွေနဲ့ ကုမ္မဏီကမျှခံပေါ့ ။
(32) ဝါရင့်ဝန်ထမ်းတွေကို အခြားသူတွေနဲ့ အဆင်ကွဲအောင်စီမံပေးပါ ယူနီဖောင်းအရောင်ခွဲပေးတာ လည်စည်းအရောင်ခွဲပေးတာ နာမည်ရင်ထိုး အထူးတံဆိပ်စသည်ဖြင့် စီမံပေးပါ ။
(33) ကိုယ့်ရာထူးအရ လုပ်ငန်းအရ လက်ဆောင်တွေအပေးခံရရင် ကိုယ့်ဌာနကဝန်ထမ်းတွေကိုပါ သတိရလိုက်ပါ သူတို့ကိုပါခွဲဝေပေးပါ။ ဒါမှမဟုတ် ကိုယ့်အိတ်ထဲက စိုက်ပြီး သူတို့အတွက် လက်ဆောင်တွေ ဝယ်ပါ ။
(34) ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရင် သူ့အတွက် ထိုက်ထိုက်တန်တန် နှုတ်ဆက်ဂုဏ်ပြုပွဲ လုပ်ပေးပြီး တန်ဖိုးရှိ လက်ဆောင်တစ်ခု ချီးမြှင့်ပါ ။
(35) လုပ်ဆောင်စွမ်းရည်နဲ့ အသိအမှတ်ပြုမှုတို့ဟာ တိုက်ရိုက်ဆက်စပ်နေကြတယ် တစ်ဦးတစ်ယောက်ရဲ့ လုပ်ရပ်ကို အသိအမှတ်ပြု ပေးလိုက်ရင် သူ့ကိုယ်သူ လေးစားမှုတွေ တိုးပွားလာပြီး လုပ်ဆောင်နိုင်စွမ်း ထုပ်လုပ်နိုင်စွမ်းတွေ ပိုမြှင့်လာလိမ့်မယ် ။
(36) ဝန်ထမ်းတစ်ယောက်ဟာ သုံးမရလောက်အောင်ဖြစ်ရင် တန်းပြီးဖြုတ်မပစ်ပါနဲ့ သူနဲ့ ဟန်ကျမယ့် အလုပ်မျိုးကို ကုမ္မဏီတွင်း လုပ်ငန်းခွင်တွင်းမှာ လိုက်ရှာကြည့်ပါဦး သူဟာ တကယ့်အဖိုးတန် ဝန်ထမ်းတစ်ယောက် ဖြစ်လာနိုင်ပါတယ် ။
(37) လူတိုင်းကို အပြုသဘော ဝေဖန်ချက်တွေ တအားလုပ်တာ ခဏခဏလုပ်လွန်းတာ ရှောင်ကြဉ်ပါ မရှောင်ရင် လူတွေက ကိုယ့်ကို တတ်နိုင်သမျှ ရှောင်လာကြလိမ့်မယ် ။
(38) ကိုယ်ရေးလက်ထောက် အတွင်းရေးမှူးကို အထူးဂရုစိုက်နေရာပေးပါ သူတို့ဟာ ကိုယ်မရှိတုန်း ခရီးထွက်တုန်းမှာ လုပ်ငန်းတွေကို ဆက်လည်ပတ်ပေးနေကြမယ့်သူတွေဖြစ်တယ် ။
(39) ကိုယ့်လုပ်ငန်းက ကြီးထွားလာတာနဲ့အမျှ ( ရာထူးမြင့်လာတာနဲ့အမျှ ) စာရွက်စာတမ်းတွေကြား ဆုံးဖြတ်ချက်ပေးရတာတွေကြားမှပဲ အချိန်ပိုကုန်နေတက်တယ် အဲဒီလိုနဲ့ အရင်က ဖက်လဲတကင်းရှိခဲ့တဲ့လူတွေနဲ့ တဖြည်းဖြည်းဝေးသွားရော အဲဒါမျိုးဟာ အန္တာရာယ်ရှိတယ် ။
(40) အလုပ်လုပ်ရတဲ့အတွက် မျှော်လင့်သင့်တဲ့ရလဒ်နှစ်ခုကတော့ အလုပ်လုပ်ရလို့ ကျေနပ်ကြည်နူးမှုရယ် ကိုယ့်စွမ်းဆောင်မှုကိုသူများတွေ သဘောပေါက်သွားစေချင်တာရယ်ပဲ ဖြစ်ပါတယ်။ အောင်အောင်မြင်မြင်ဆောင်ရွက်လို့ ကြည်နူးရမှုရယ် အများက အသိအမှတ်ပြုခြင်းရယ် ဆိုပါတော့ ။
(41) ကိုယ်ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေက သိပ်အကျိုးမရှိတာမျိုး ကြုံတတ်ပါတယ်။ စိတ်ဓာတ်ကျမသွားပါနဲ့ အဲဒီဆုံးဖြတ်ချက်ကို ဝိုင်းပုံဖော် လုပ်ကိုင်ပေးတဲ့ ဝန်ထမ်းတွေနဲ့ ထပ်ဆွေးနွေးပြီး အဖြေရှာကြည့်ပါ အခြေအနေတွေကောင်းလာပါလိမ့်မယ် ။
(42) လူတွေရဲ့လုပ်ပုံကိုပုံနဲ့ ပတ်သတ်ပြီးအကြံပေးရတော့မယ်ဆိုရင် စကားလုံးတွေကို ချင့်ချင့်ချိန်ချိန်ရွေးပါ အလကားအချိန်ဖြုန်းပစ် နေတာပဲ ဆိုတာမျိုးပြောရာမရောက်ပါစေနဲ့ ။
(43) ဝန်ထမ်းတစ်ယောက်ကို စိတ်ဓာတ်တက်ကြွလာဖို့အတွက် လုပ်နည်းရိုးရိုးကလေး တစ်ခုရှိပါတယ် သူ့လက်ရှိရာထူးရဲ့ အမည်ကို ပိုပြီးခံ့ညားအောင်ပြောင်းလိုက်ပါ ။
(44) လက်ဆွဲနှုတ်ဆက်ရင် နွေးထွေးမှုရှိပါစေ ။
(45) မွေးနေ့ဒိုင်ယာရီထဲမှာ ဝန်ထမ်းမိသားစုဝင် ( ဇနီး၊ ခင်ပွန်း၊ သား၊ သမီး ) တွေရဲ့ မွေးနေ့တွေကိုပါ မှတ်သားထားပြီး အခါရောက်တိုင်း လှမ်းဆုတောင်းပေးပါ ။
(46) ဝန်ထမ်းတစ်ဦးရဲ့ မိသားစုအတွင်း အဖြစ်ဆိုးတစ်ခုခုကြုံရင် စာနာ ဝမ်းနည်းကြောင်းကို လှမ်းပြောတာမျိုး ဖုန်းနဲ့ လှမ်းပြောတာမျိုး လုပ်ပါ ။
(47) ပေးလာတဲ့အကြံတွေကို တကယ်အသုံးပြုတက်တဲ့အတွက် ဝန်ထမ်းတွေက လိုလိုလားလား အကြံပေးချင်ကြတဲ့ အခြေအနေမျိုးဖြစ်လာအောင် ဖန်တီးထားပါ ။
(48) ချီးကျူးရင် လှိုက်လှိုက်လှဲလှဲ လိုလိုလားလား ချီးကျူးပါ။ ပါးစပ်ဖျားကပဲ ပြောတဲ့စကားမျိုးဟာ မထိရောက်ပါဘူး ။
(49) စွတ်စိုချမ်းအေးတဲ့ အခြေနေမျိုး ဒေသမျိုးမှာ အလုပ်လုပ်ရရင် ဝန်ထမ်းတွေအတွက် လုံလောက်တဲ့နေရာ အကျယ်အဝန်း ပစ္စည်းထားစရာနေရာ သိမ်းဆည်းစရာဗီရိုစသည်ဖြင့် လုပ်ပေးထားပါ ထီးတို့ မိုးကာတို့ထားဖို့ ကုတ်အင်္ကျီတွေချိတ်ဖို့ ဦးထုပ်သိမ်းဖို့ ဆိုတာတွေအတွက်ပေါ့ ။
(50) အမှားလုပ်မိလို့ ဒဏ်ပေးတဲ့အနေနဲ့ အလုပ်တစ်ခုကို ခိုင်းတာမျိုး အလုပ်မြဲဖို့ အာမခံချက် မသေချာတာမျိုးမှာ လုပ်အားကျဆင်းတက်ပါတယ် ယုံကြည်မှုတွေနဲ့သာ လွှမ်းနေပါစေ ။
စီမံအုပ်ချုပ်နည်း အပိုင်း ( ၃ )
(51) အမျိုးသမီးဝန်ထမ်းတွေကို မနက်ပိုင်းရုံးနောက်ကျတာခွင့်ပြုလိုက်ပါ။ သူတို့မှာအိမ်အလုပ်တွေ များနေလို့ဆိုရင်ပေါ့။ အိမ်မှလုပ်လာခဲ့ဖို့အလုပ်တွေပေးလိုက်နိုင်ပါတယ်။ ဝန်ထမ်းဘက်မှ အဆင်ပြေအောင် ညှိယူပါ ။
(52) တမင်ကိုယ်ကျိုးရှာတာမျိုးမဟုတ်ဘူးဆိုရင် ရုံးပိုင်ပစ္စည်းကို တစ်ခါတလေ ယူသုံးတာမျိုးကို ခွင့်ပြုပါ။ ဌာနဆိုင်ရာ လုပ်ငန်းဆိုင်ရာ ကိုယ်ရေးကိုယ်တာအတွက် သုံးတာမျိုးပေါ့ ။
(53) တိုးတက်မှုရှိလာရင် ချက်ချင်းအသိအမှတ်ပြုပါ ။
(54) ရာသီဥတုသာယာတဲ့ အားလပ်ရက်တစ်ရက်မှာ ဝန်ထမ်းတွေနဲ့သူတို့ မိသားစုကိုပါခေါ်ပြီး ပျော်ပွဲစားထွက်ပါ။ ခြံအတွင်းမှာ ပါတီလုပ်ပါ။
(55) ဝန်ထမ်းတွေရဲ့မိသားစုကိစ္စတွေမှာ စိတ်ဝင်စားသင့်တာမှန်သမျှ စိတ်ရင်းစေတနာမှန်နဲ့ စိတ်ဝင်စားပါ မောင်ဘယ်သူ နေကောင်းရဲ့လား မောင်ဘယ်ဝါစာမေးပွဲပြီးသွားပလား စသည်ဖြင့်နာမည်နဲ့ မေးမြန်းနိုင်ပါစေ။ မိသားစုအတွင်း ကျင်းပတဲ့ပွဲ ပါတီတွေမှာ ဖိတ်ကြားခံရရင် ကြွရောက်ချီးမြှင့်ပေးပါ ။
(56) ကိုယ်ထုတ်လုပ်ရောင်းချနေတဲ့ ပစ္စည်းတွေဟာ ဝန်ထမ်းတွေနဲ့ အသုံးတည့်မယ် သူတို့လဲသုံးစွဲတယ် ဆိုရင် အရေအတွက်သတ်မှတ်ပြီးအထူးနှုန်းနဲ့ရောင်းပေးပါ ဒါမှမဟုတ် အလကားပေးပါ ။
(57) ကိုယ့်ရုံးကလူတွေကို ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ အသုံးမချပါနဲ့ ။
(58) ကိုယ့်ကုမ္မဏီက နယ်လည့်အရောင်းသမားတွေနဲ့အတူ တစ်ခါတစ်ခါလိုက်သွားကြည့်ပါ အသစ်အဆန်းတွေမြင်လာ ကြားလာ သိလာရမှာ ဖြစ်တဲ့အပြင် အရောင်းအမားတွေရဲ့ စိတ်ထဲမှာလည်း ငါတို့ဥက္ကဋ္ဌကြီးကိုယ်တိုင် ဝိုင်းကူပါလားဆိုပြီး အားတက်လာကြမယ် ။
(59) လူကြီးဖြစ်နေတဲ့အတွက်ကိုယ်က အားလုံးသိနေ တက်နေလိမ့်မယ်လို့မထင်ပါနဲ့ လိုအပ်ရင် ငယ်သားတစ်ယောက်ဆီကပေမယ့်လည်း အကူအညီတောင်း သင့်တောင်းရမယ် ကိုယ့်ရဲ့ အခက်အခဲလည်း ပြေသွားမယ် သူလည်းပဲစိတ်အားတက်သွားမယ် ။
(60) သူများနဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရတဲ့ အခါမျိုးမှာလည်း ရိုင်းပင်းကူညီတက်ပါစေ ။
(61) ကိုယ့်အောက်ကလူတွေကို လူတွေပဲလို့မြင်ပြီးဆက်ဆံပါ။ သူတို့အကြောင်းပိုသိလာရအောင် လုပ်ပါ ။
(62) ထောက်ကူခြင်း၊ နားထောင်ပေးခြင်း၊ သင်ကြားနည်းပြခြင်း၊ ဦးဆောင်ပေးခြင်းနဲ့ တိုင်ပင်နှီးနှောခြင်းဆိုတာတွေဟာ ကိုယ့်လက်သုံးစွဲတော်မူတွေဖြစ်ပါစေ။ ကိုယ့်အနေအထား မြင့်မားလာတာနဲ့အမျှ အဲဒီအရည်အသွေးတွေဟာ ကိုယ့်ရဲ့အဓိကအင်အားတွေ ဖြစ်လာတက်ပါတယ်။
(63) လူဆိုတာခံစားထိပါးလွယ်ပါတယ်။ သူတို့ရဲ့ခံစားမှုတွေကိုလေးစားပါ။ သူတို့ရဲ့ခွင်မှာ သူတို့ကိုယ်ပိုင်ဟန်နဲ့လုပ်ကိုင်ခွင့်ပေးပါ။ ကိုယ့်စိတ်ကူးတွေပဲရိုက်သွင်းပေးတာ ပုံစံသွင်းတာမျိုး မကြိုးစားပါနဲ့။
(64) ကုမ္မဏီက အဖွဲ့အစည်းကသူ့အပေါ်ဘယ်လိုမြင်တယ်ဆိုတာသိနေရရင် အဲဒီဝန်ထမ်းဟာ စိတ်ဓာတ်ရေးရာ လုံခြုံမှုကိုခံစားရပါတယ်။ ဝန်ထမ်းရဲ့လုပ်ဆောင်စွမ်းရည်ကို ပုံမှန်အကဲဖြတ်ခြင်းပဲ ဖြစ်တယ် ။
(65) အလုပ်တစ်ခုကိုကိုယ်တိုင်လုပ်တက်နေရင် သူများတွေကိုခိုင်းတဲ့အခါ ပိုကောင်းလာအောင် စီမံတက်ပါတယ် ငယ်သားတွေလုပ် လုပ်နေတဲအလုပ်တွေကို တစ်ခါတစ်ခါတကယ် ဝင်လုပ်ကြည့်ပါ အတွေ့အကြုံရလာပြီး အသိအမြင်သစ်တွေပေါ်လာလိမ့်မယ်။
(66) ဝန်ထမ်းတွေကမေ့တာလျော့တာမျိုးကိုတွေ့ရင် ရိုးရိုးသတိပေးပါ အပြစ်တင်တဲ့လေသံမျိုးနဲ့ မပြောပါနဲ့ ဒီစာရင်းဇယားတွေအပြင် ပစ္စည်းလက်ကျန်စာရင်းပါ ရရင်ကောင်းမှာပဲလို့ပြောတာဟာ ပစ္စည်းလက်ကျန်စာရင်းကိုပါ ပေးရမယ်လို့ပြောထားတာမေ့သွားပလား ဆိုတာထက် ပိုကောင်းပါတယ် ။
(67) လူတစ်ယောက်ကိုသူ့ရဲ့မွေးနေ့ သူတို့လင်မယားအိမ်ထောင်ကျတဲ့နေ့မျိုးမှာ ဆူတာပူတာမျိုး သတိပေးတာမျိုးမလုပ်ပါနဲ့ ။
(68) ဝန်ထမ်းတွေကိုလစာတွေတိုးပေးဖို့ ခံစားခွင့်တွေထပ်ပေးဖို့ အဆောင်ယောင်တွေ တိုးပေးဖို့ အရေးမျိုးမှာတက်တက်ကြွကြွရှိပါ ။
(69) လူတိုင်းဟာတစ်ခါတစ်လေတော့ အသက်ရှူပေါက်ရချင်တတ်ပါတယ်။ လုပ်ငန်းရဲ့အလုပ်ပိုင်းခြား သတ်မှတ်မှုဇယားကို ဆွဲတဲ့ အခါမှာ ဝန်ထမ်းတိုင်းအတွက် အလုပ်နားရက် အားရက်ကလေးတွေ ထွက်လာနိုင်အောင်စီမံပါ ။
(70) လုပ်ပြနိုင်သူကိုအသိအမှတ်ပြုပေးတဲ့အကျင့်လုပ်ထားပါ အသိအမှတ်ပြုချီးကျူးတာကို စာနဲ့ရေးမှတ်တမ်းတင်တာ အများသိအောင် ဖြန့်ဝေပေးတာမျိုးလည်းလုပ်နိုင်ပါတယ်။ ဘာကြောင့်အသိအမှတ်ပြုရတယ်ဆိုသေသေချာချာ ရှင်းရှင်းလင်းလင်းဖော်ပြပေးပါ ။
(71) ကိုယ့်ရဲ့ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းခွဲက အရည်အသွေးထူးခြားလွန်းတဲ့ ပစ္စည်းတစ်မျိုး ထုတ်လုပ်နိုင်လိုက်တယ်ဆိုရင် နမူနာတစ်ခုကိုအစည်းအဝေးခန်းမမှာဖြစ်ဖြစ် ရုံးမှာပဲဖြစ်ဖြစ် မှန်သေတ္တာနဲ့ ထည့်ပြထားပါ။
(72) ဝန်ထမ်းတွေကိုတစ်ခုခုသင်ကြားပြသမယ်ဆိုရင် စိတ်ရှည်ရှည်ထားဖို့လိုအပ်ပါတယ်။ လူတိုင်းဟာတစ်ကြိမ်နားထောင်ရုံနဲ့ နားလည်နိုင်ကြတာ မဟုတ်ပါ ။
(73) ဝန်ထမ်းတစ်ဦးဦးမှ ကိုယ်ရေးကိုယ်တာ ဒုက္ခကြောင့်အလုပ်အပေါ် အာရုံမစိုက်နိုင်တာမျိုး ဖြစ်နေရင် အဲဒီသူ့ဒုက္ခတွေကိုပြေလည်သွားအောင်ကူညီပေးပါ။ အလုပ်မှာလစ်ဟင်းခဲ့တာကိုလည်း မသိချင်ယောင်ဆောင်ပေးလိုက်ပါ ။
(74) ဝန်ထမ်းတစ်ယောက်အလုပ်ကို ထူးထူးချွန်ချွန်လုပ်ပြနိုင်တာ မျှော်လင့်ထားတဲ့အတိုင်း အောင်မြင်အောင် လုပ်ပြနိုင်တာမျိုးတွေရှိရင် အများရှေ့မှာ ဂုဏ်ပြုချီးကျူးပါ။ လုပ်တာအဆင်မပြေတဲ့ အခါမျိုးကျတော့ တိုးတိုးတိတ်တိတ်ခေါ်ယူညှိနှိုင်းပါ။ ( ချီးကျူးစရာကို အများရှေ့မှာချီးကျူး အပြစ်ပြောစရာကိုတော့ နှစ်ယောက်ချင်းပြော ) ။
(75) တချို့ဝန်ထမ်းတွေက အလုပ်လုပ်နေရင်း ခဏတစ်ဖြုတ်နားတက်ကြတယ်။ မနားဘဲ တောက်လျှောက်လုပ်နေတာမျိုးကို တွေ့ရုံနဲ့ တခြားသူတွေကို ခဏတစ်ဖြုတ်နားတာကို မပိတ်ပင်ပါနဲ့ ။
စီမံအုပ်ချုပ်နည်း အပိုင်း ( ၄ )
(76) နောင်ငါးနှစ် ဆယ်နှစ်အချိန်အတွင်းမှာ တစ်ဦးချင်းရဲ့ဘဝရည်မှန်းချက် ဘယ်လိုရှိတယ် ဘာတွေဖြစ်ချင်ကြတယ် ဆိုတာ ဝန်ထမ်း တိုင်းကိုမေးမြန်းထားပါ အဲဒီလိုတိုးတက်ကြီးပွားလာအောင် သူတို့ကြိုးစားနိုင်ကြဖို့ အကူအညီပေးပါ ။
(77) လစာတွေတိုးမြှင့်ပေးလိုက်တဲ့အခါ ဘယ်လိုမူနဲ့တွက်ချက်ပြီး တိုးပေးတာဖြစ်တယ် ဆိုတာကိုအများသိအောင်ကြေညာပါ။ ဘယ်လိုကြိုးစားမှ အကျိုးခံစားခွင့်ရမယ်ဆိုတာ သူတို့သိခွင့်ရှိရမယ် ။
(78) လူတစ်ယောက်ရဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျက်သွားစေမယ့် အပြုအမူမျိုးဘယ်တော့မှ မလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် လေးစားမူနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မူဟာ လူတစ်ယောက်အတွက် အခြေခံတွန်းအားဖြစ်တယ် ဘယ်တော့မှသူတစ်ပါးရဲ့အုတ်မြစ်ကို မဖြိုပါနဲ့ ။
(79) ဝန်ထမ်းတွေကို ခဏတစ်ဖြုတ်နားသင့်ရင် နားနေနိုင်ဖို့ အခွင့်အရေးပေးထားရင် သူတို့ခွင့်ယူတာ ရက်ပျက်တာတွေနည်းသွားနိုင်ပါတယ် ။
(80) လူတိုင်းရဲ့နာမည်ကို မှတ်မိအောင်ကြိုးစားပါ ။
(81) အဆင့်မြင့်ဝန်ထမ်း ( မန်နေဂျာကြီး ) တွေကို လစာတိုးဖို့ ရပိုင်ခွင့်တွေကို ပေးဖို့ စဉ်းစားတဲ့အခါမှာ Customer Satisfaction လို့ခေါ်တဲ့ ဖောက်သည်ရဲ့ကျေနပ်မှု ( လုပ်ငန်းအောင်မြင်မှု ) နဲ့ချိန်ထိုးတွက်ချက်ပါ ။
(82) အကြံပေးစာထည့်နိုင်ကြဖို့ပုံးတစ်ပုံးထောင်ပေးထားပါ။ စာတွေကိုပုံမှန်သိမ်းပြီး ဖတ်ရှုပါ ။
(83) တစ်ခုခုအတွက် တစ်ယောက်ယောက်ကို ချီးကျူးတော့မယ်ဆိုရင် သူ့ရဲ့ဘာလုပ်ရပ်ကို သဘောကျလို့ ချီးကျူးတယ်ဆိုတာကို ပြောပြပါ။ ဒါမှတခြားဝန်ထမ်းတွေကလည်း သန်ရာသန်ရာ ကြိုးစားလာကြမယ် ။
(84) စက်ရုံကြီးတွေ လုပ်ငန်းကြီးတွေမှာ အပန်းဖြေရိပ်သာလုပ်ပေးပါ။ ဝန်ထမ်းတွေ အားကစားတို့ လေ့ကျင့်ခန်းတို့ လုပ်နိုင်ဖို့ဖြစ်ပါတယ်။ အပန်းဖြေခြင်း၊ ကာယလေ့ကျင့်ခန်းလုပ်ခြင်းတွေဟာ လုပ်အားကိုတက်စေပါတယ် ။
(85) ခဏလာလုပ်တဲ့ယာယီအလုပ်အမားတွေကိုလည်း ဝန်ထမ်းလိုပဲသဘောထားပါ။ သီးသန့်မဆက်ဆံပါနဲ့။ သူတို့ဟာဒီလုပ်ငန်းခွင်ရဲ့သဘောကို ဘာမှသိထားကြတာမဟုတ်ပါ။ အဲဒီလူတွေထဲမှာ အမြဲတမ်းဝန်ထမ်း ဖြစ်လာနိုင်လောက်တဲ့အရည်အချင်းမျိုးရှိသူတွေ ပါလာနိုင်တယ်။
(86) ကိုယ့်လက်ထောက်တွေ ဝန်ထမ်းတွေကို ပြင်ပဖောက်သည်(External Customer) တွေကို ဆက်ဆံတဲ့အတိုင်း ဆက်ဆံပါ။ တကယ်တော့ သူတို့ဟာ အတွင်းစည်းဝိုင်းက ဖောက်သည်(Internal Customer) တွေပဲမဟုတ်ပါလား။ သူတို့မှာလည်း ဆန္ဒတွေ မျှော်မှန်းချက်တွေ ဖြည့်ဆည်း ပေးစေ ချင်တာမျိုးရှိမှာပဲ ။
(87) တခြားလူတွေရဲ့လုပ်ရပ်တွေမှာ အပြစ်ပဲလိုက်ရှာနေတာ မတရားပါဘူး။ ကောင်းတာတွေ တွေ့ရင် ကောင်းကြောင်းပြောပြလိုပ်ပါ ။
(88) အထက်လူကြီးလည်းပဲ ချီးကျူးခံချင်တာပဲဆိုတာမမေ့ပါနဲ့။ သူ့အကူအညီကြောင့် ကိုယ့်အလုပ်မှာ ဘယ်လောက်အဆင်ပြေသွားရတယ်ဆိုတာ ပြောပြပါ။ ဘယ်နေရာမှာ အဲဒီလိုအကူအညီမျိုး လိုလာနိုင်သေးတယ်ဆိုတာလည်း ပြောပြပါ ။
(89) ဝန်ထမ်းတွေရဲ့ကျန်းမာရေးကိစ္စတွေအတွက် အကူအညီရအောင်လို့ ဆရာဝန်တစ်ယောက်စီစဉ်ပေးထားဖို့ ဝန်ထမ်းရေးရာဌာနကို ညွန်ကြားထားပါ ။
(90) သာယာတဲ့နံနက်ခင်းတစ်ခုမှာ ( အကြောင်းထူးမရှိသည့်တိုင် ) ကိုယ့်အတွင်းရေးမှူးအမျိုးသမီး ကိုယ်ရေးလက်ထောက်အတွက် ပန်းတစ်ပွင့် တစ်ခိုင် တစ်စည်းလက်ဆောင်ပေးပါ ။
(91) ဝန်ထမ်းတွေဟာ အချိန်ပိုကြေးမရဘဲနဲ့ အချိန်ပိုလုပ်နေကြရရင် ကျေးဇူးသိတဲ့အနေနဲ့ အားလပ်ရက်ဖန်တီးပေးပါ။ ဒါမှမဟုတ် မိသားစုလျှောက်လည်လို့ ပျော်ပျော်ပါးပါး ချက်ပြုတ်စားကြလို့ ကုန်ကျရတဲ့ စရိတ်ကိုပြန်ထုတ်ပေးလိုက်ပါ ။
(92) သန့်ရှင်းရေးဝန်ထမ်းတွေ လုံခြုံရေးဝန်ထမ်းတွေကိုလည်းမေ့မထားပါနဲ့။ ကိုယ်နဲ့အတွေ့ရနည်းသူတွေ ဖြစ်ကြပေမယ့် သူတို့ဟာကိုယ့်ဝန်ထမ်းတွေပါပဲ ။
(93) ရာထူးတက်သွားတဲ့ လူတစ်ယောက်ထံကို ဝမ်းမြောက်ကြောင်း စာရေးအကြောင်းကြားဖို့ ဘယ်တော့မှမပျက်ကွက်ပါနဲ့ ။
(94) သံမှိုနဲ့နှက်ထားသလို အားလုံးကိုအသိပေးထားရမှာကတော့ တစ်ဦးချင်းထက် အဖွဲ့ကို ဦးစားပေးမယ်ဆိုတာပါပဲ ။
(95) အဖွဲ့ခွဲအမျိုးမျိုးဖွဲ့ပြီး အလုပ်လုပ်ရတဲ့အခါ အဖွဲ့ခွဲကိုနာမည်ပေးဖို့ကအစ အစည်းအဝေး ဘယ်လိုလုပ်မယ်၊ ဘာတွေဆွေးနွေးမယ် ဆိုတာမျိုးတွေအထိကို အဖွဲ့ခွဲလိုက် သူတို့ဘာသာ တာဝန်ယူဆုံးဖြတ်ပါစေ ။
(96) ဝန်ထမ်းတွေနဲ့တစ်ဦးချင်း ဒူးတိုက်ဆွေးနွေးတာကို ပုံမှန်လုပ်ပါ ။
(97) ပွဲတော်ကာလတွေမှာ ပိုပြီးပျော်သွားကြရအောင် အထူးချီးမြှင့်ဆုကြေးပေးတာတို့ လက်ဆောင်ပေးတာတို့လုပ်ပါ ။
(98) လုပ်ငန်းသုံးပစ္စည်းတွေပြတ်လပ်လို့ ဝန်ထမ်းတွေအခက်တွေ့နေကြတဲ့အခါမျိုးမှာ လိုအပ်မှုကိုသတိထားမိတဲ့အကြောင်းနဲ့ ဘတ်ဂျက်ကျလာ၊ ရစရာရှိတာတွေရလာလျှင် အဆင်ပြေအောင်လုပ်ပေးမယ့်အကြာင်း ဝန်ထမ်းတွေကိုအသိပေးထားပါ ။
(99) အလုပ်ထွက်မယ့်လူတွေရှိလာရင် သူတို့ကိုအင်တာဗျူးလုပ်ကြည့်ပါ။ ထွက်တော့မယ်ဆိုတော့ ပြောရဲဆိုရဲရှိကြပါတယ်။ ကိုယ့်လုပ်ငန်းအတွင်းမှာဖြစ်ပျက်နေတဲ့အမှားအယွင်းတွေ အိုးနင်းခွက်နင်းတွေကို သူတို့ဆီကကြားရလာနိုင်ပါတယ်။
(100) လုပ်ခတွေ လစာတွေတိုးပေးမယ်ဆိုရင် ခပ်မြက်မြက်ကလေးတိုးပေးပါ။ ကိုယ်မှန်းထားတာထက် ပိုရတာမျိုးကိုလူတိုင်းကြိုက်ပါတယ် ။
No comments:
Post a Comment