ကျွန်မဘ၀ဟာ
" ဇာတက " က စခဲ့တယ် ။
ဆဒ္ဒန်ဆင်မင်း ၊ မြားပစ်ခွင်းဖို့
သေမင်းကောင် သောနုတ္တရကို
ကျွန်မက လွှတ်ခဲ့တယ်ပေါ့ ။
ဦးပုည ဆိုတဲ့
မိန်းမတွေကို မျက်မုန်းကျိုး
ကဗျာဆရာ လူဆိုးက
တီးတိုး တီးတိုး
အပြောနဲ့ တစ်မျိုး
ချိုးချိုးဖဲ့ဖဲ့
ကဲ့ရဲ့ ပြစ်တင်
လင်္ကာနဲ့နှိမ်တာ တစ်ဖုံ
အို... စုံလို့  စုံလို့ ရှင်တို့ သိကြပါတယ်လေ ။
"မိန်းမဆိုး အမုန်း
သည်ဘ၀တွင်
သည်မျှနှင့်တုံးစေတော့ .... "
"မုန်းပင်စိုက်ပျိုး
ပြေချိန်တိုင်၍မှ
မပြေနိုင် ငြိုးတတ်သည့်
မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးကို
ငါမှာတိုင်း ပြောပါလေ ...."
မိန်းမမုန်းဝါဒ
ဣတ္တိယ အာဃာတနဲ့
ဖိုဝါဒ အလံထူ
အာဂ လူယောကျာ်း တွေပါလားနော် ။
အချစ်ကြီးရင်
အမျက်ကြီးတယ်
နင့်သည်း ပြင်းထန်
ချစ်ဗုံးဆန် ပေါက်ကွဲ
ကမ္ဘာကြီး မှောင်မည်းသွားတယ်
ရှင်တို့ ခံစားဖူးကြတယ် မဟုတ်လား ။
မိန်းမရဲ့ 
ဘဝ
စမ်းမြ ရေအလျဉ်
ပင်လယ်ကြီး ဖြစ်ထွန်း
ကျွန်းကြီး တွေပေါ်
မျှော်ခေါ်ကြည့်ကြ
အစရဲ့  အစ
ဘ၀ရဲ့  ဘဝ
လောကကို ဖန်ဆင်းတယ်မဟုတ်လား ။
အလှ ဒဿန
ဣတ္တိယ ဗီဇ
ကြဲချ မျိုးစေ့
မိန်းမတွေကို တွေ့ မယ် ။
အမေ ဟာ
မိန်းမ
မိန်းမ ဟာ
အမေ
ဘန္တေ မာတရံ
အမေ နိုင်ငံကို ချစ်မြတ်နိုး
မိန်းမ ပျိုးတဲ့ နှလုံးသားပန်းပင်
အမုန်းတရား အပွင့်ဆင်
အရှင် ခွင့်လွှတ်နိုင်ပါစေ ။
ကြည်အောင်
(မဟေသီမဂ္ဂဇင်း ၊ ၁၉၈၈ ၊ ဒီဇင်ဘာ)
No comments:
Post a Comment