ဒီဘ၀လေးက
ပျော်ချင်သေးတယ်တဲ့အမေရယ် ။
တစ်ရာသီလုံးလုံး
ပုခုံးလေးပဲ တွန့် တွန့် ပြလိုက်ရတယ် ။
စကားတောင် မပြတ်လိုက်ပါဘူး ။
ကောင်မလေးကလည်း လမ်းခွဲသွားတယ် ။
လမ်းဆုံမှာ အမေရယ်
သားတစ်ယောက်ထဲ
"ရင်နာဆိုင်" ဆိုတဲ့ ၀တ္ထုလေးတစ်ပုဒ်နဲ့ 
တောင့်တောင့်ကြီး ရပ်ကျန်ခဲ့ဖူးတယ် ။
နွေရာသီကြီး အိမ်ကိုပြန်လာတော့
လှေခါးထစ်တွေအောက်က
သားရဲ့ အိပ်ယာကလေးဟာ
ဖုံတွေ သဲတွေ တရှပ်ရှပ်နဲ့  အအိပ်အနေခက်ခဲပေါ့ ။
လုံလုံခြုံခြုံမြို့ ကလေးမှာနေပြီး
ကျီးကန်းတွေလို ကြည့်လို ကြည့်ရ
ကြက်သားအုပ်မတွေလို ယက်လို ယက်ရ
အမေရယ်
သားသာ အိမ်ထောင်ကျသွားရော
ဘ၀ဆိုတာက ဖတ်စာအုပ်ကလေးထဲမှာပဲနော် ။
သားရဲ့ အနုပညာ
ထကြွမှုကာလကြီးပေါ့
ကန္တာရထဲကနေပြီး
ကဗျာတစ်ဆုပ်ကြဲချလိုက်မယ်
ပြင်ဆင်လိုက်ပြန်တော့လည်း
တိမ်ခိုးတွေလို
သြော်...... သားက အခြေမကျ ။
ဖက်ရှင်ပြပွဲကြီး တစ်ခုအပြီး
သိလိုက်ပါပြီ အမေရယ်
လောကကြီးမှာ
ရာသီမသိတဲ့ပန်းတွေ
ဝေနေဆဲဆိုတာ သား ည ည .....
အိပ်လို့မရတော့ဘူး
ပြတင်းတစ်ခါ ဖွင့်ဖွင့်ကြည့်လိုက်တိုင်း
ပန်းတစ်ပွင့် တစ်ပွင့် ကြွေကျနေတယ်ဆိုတဲ့ အိပ်မက်ပေါ့
အမေ့သား အအိပ်အနေ ခက်ပါပြီ ။
အမေရယ် ....
ဟတ်ထုတ်လို့ မှမရ
ထွက်ကျခဲလွန်းလှတဲ့ အပူခဲကြီး
သားရဲ့  နှလုံးသားထဲမှာ
လုပ်ယူဖန်တီးထားတဲ့ ဘ၀တွေကို
သားဘယ်လိုယုံကြည်ရမလဲ အမေရယ်
သားအဖြစ် ခဏလေးမှာ
သားရဲ့ ညကလေးကိုလည်း ညှစ်ချခဲ့ချင်သေးတယ် ။
သားရဲ့ ကောင်မလေးနဲ့  ခွဲခဲ့ရတုန်း
သားနှလုံးသားလေး ပြုတ်ကျသွားတဲ့ နေရာလေးကိုလည်း
လိုက်ပြခဲ့ချင်သေးတယ် ။
သားရဲ့ မျက်ရည်တွေကြောင့်
ပန်းခင်းလေးတစ်ခင်း အပွင့်ထွားသွားတာကိုလည်း
မြင်ခဲ့ချင်သေးတယ် ။
သားစီးနင်းခဲ့တဲ့ ဖိနပ်ကလေးနဲ့ 
သားဦးခေါင်းက ဆံပင်တွေကိုချည်နှောင်ပြီး
ပြပွဲလေးတစ်ခု ကျင်းပခဲ့ချင်သေးတယ် ။
ရာဇ၀င်ရှိခဲ့ပေမယ့်
အိုစာလို့သွားရတဲ့မြို့ ကလေးမှာ
ပန်းပင်တွေ ရေလောင်းနေတဲ့
သားရဲ့ ဇနီးဆီကိုလည်း
မျိုးစေ့လေးတွေ အောင်မအောင်
လှမ်းသတင်းမေးခဲ့ချင်သေးတယ် ။
အမေရယ်....
ဒါပေမယ့်ပေါ့
ဆောင်းတွင်းဆို ဆောင်းတွင်းမို့ 
သားရဲ့ အိပ်ယာအိုကလေးအပေါ်
နှင်းတွေက တအားပြိုကျနေတုန်း
မိုးတွင်းဆို မိုးတွင်းမို့
မိုးတွေက တအားယိုကျနေတုန်း
ဒီဘ၀လေးကတော့
ပျော်ချင်သေးသတဲ့ အမေရယ် .... ။ ။
မိုးဝေး
(၈-၁-၁၉၉၄)
No comments:
Post a Comment