အချစ်ရေ မတွေ့ ဘဲ နေနိုင်သလား
အိပ်မက်က အိပ်မက်ကိုမေ့ခဲ့တာ
ဆဌမနံရိုးဖြစ်တယ် ။
အချစ်ရေ မတွေ့ ဘဲ နေနိုင်သလား
ခန္ဓာကိုယ်ဟာ ဂစ်တာတစ်လုံးရဲ့ အလုပ်ကိုလုပ်တယ်
ဂစ်တာရဲ့ ခြောက်ကြိုးဟာ
ဆဌမနံရိုးဖြစ်တယ် ။
အချစ်ရေ မတွေ့ ဘဲ နေနိုင်သလား
အာလူးစားတိုင်း ဗန်ဂိုးကို သတိရရနေမိ
အဲဒါဟာ
ဆဌမနံရိုးဖြစ်တယ် ။
အချစ်ရေ မတွေ့ ဘဲ နေနိုင်သလား
ကမ္ဘာပေါ်က မြစ်တွေဟာ ဆဌမနံရိုးဖြစ်တယ် ။
အချစ်ရေ မတွေ့ ဘဲ နေနိုင်သလား
လောကဓံတရားဟာ ဆဌမနံရိုးဖြစ်တယ် ။
အချစ်ရေ မတွေ့ ဘဲ နေနိုင်သလား
အနော်မာသောင်ကမ်းမှာ
ဘ၀ကို မြေကြီးနဲ့ ရောနှောလိုက်
အဲဒါ ဆဌမနံရိုးဖြစ်တယ် ။
အချစ်ရေ မတွေ့ ဘဲ နေနိုင်သလား
မိဂ္ဂသမ္မဒါ မြစ်ကမ်းမှာ
သုဝဏ္ဏလျှံ မြှားမှန်တဲ့အခါ
သစ္စာတရားဟာ ရှင်သန်ထမြောက်ခဲ့
အဲဒါ ဆဌမနံရိုးဖြစ်တယ် ။
အချစ်ရေ မတွေ့ ဘဲ နေနိုင်သလား
မင်းနဲ့ငါ မှားယွင်းမိခဲ့ကြတာ
ဆဌမနံရိုးရဲ့ ဆဌမမြောက်နံရိုး ဖြစ်ခဲ့တယ် ။ ။
မောင်ချောနွယ်
No comments:
Post a Comment