ဝိဒူရ နှလုံးသားအတွက်
ပုဏ္ဏက ဘီလူးနဲ့
ကောရဗျ မင်းတရား
ကြွေအန် ကစားတဲ့အခါ
အနားမှာ
အချစ်
မင်းနဲ့ငါ အတူရှိတယ် ။
ယူကလစ်
ပိုက်သာဂိုးရပ်စ်
ထောင့်ဖြတ် ထောင့်ကျဉ်း
ကစားကွင်းသစ်
ဘောရစ်ဘက်ကာ
တင်းနစ်ရိုက်တဲ့အခါ
အနားမှာ
အချစ်
မင်းနဲ့ငါ အတူရှိတယ် ။
ပရိမ္မ စစ်သား
မဏိစန္ဒာ အား
ဥဿာပဲခူး ကနေ
ပုဂံပြည်ကို
ဆောင်ယူသွားတဲ့အခါ
အနားမှာ
အချစ်
မင်းနဲ့ငါ အတူရှိတယ် ။
ဗြိတိသျှကဗျာဆရာ
ဂျွန်ကိ
"အကြင်နာကင်းတဲ့ ယမင်းပျို" ကဗျာ
ဖွဲ့ သီတဲ့အခါ
အနားမှာ
အချစ်
မင်းနဲ့ငါ အတူရှိတယ် ။
ပြည်သူ့ လင်းယုန်
ဗန်းမော်တင်အောင်
"လွမ်းရစ်တော့ သက်လှယ်ရယ် "
ရေးတဲ့အခါ
အနားမှာ
အချစ်
မင်းနဲ့ငါ အတူရှိတယ် ။
ကမ္ဘာကျော်
ပြင်သစ်ပန်းချီဆရာ
လောထရက် ( Toulouse - Lautrec )
ခြေနှစ်ဖက်ကျိုးကြီးကို
ဒင်းနစ် ဆိုတဲ့ကောင်မလေးက
"တော့်လို ထော့ကျိုးကြီးကို
မကြိုက်နိုင်ပေါင် ..............." လို့
ပြောတဲ့အခါ
အနားမှာ
အချစ်
မင်းနဲ့ငါ အတူရှိတယ် ။
ရုပ်စုံဆရာကြီး
ဦဖူးညို
"ငိုလျှင်ပုလဲ ရယ်လျှင်ရွဲ"
လွမ်းစေတီဘုရားပွဲမှာ
က တဲ့ ည
အနားမှာ
အချစ်
မင်းနဲ့ငါ အတူရှိတယ် ။
- ကြည်အောင် -
(ဟေမန္တခြေမြန်တော်ကဗျာများ)
No comments:
Post a Comment