" နိဗ္ဗာန် ငရဲခန်း (သို့) မာဆတ် "
အဲ့ဒီ ညနေ က
ပြင်းရှရှ ဖျော်ရည်ကို မြိုချ
သူငယ်ချင်းတစ်သိုက်နဲ့ စကားလက်ဆုံ အကျ
ခပ်ထွေထွေ ရီဝေေ၀ ယမကာ ဇတ်ကတယ် . . .
အတွေးအခေါ် လဲ မှုး
စကားတွေ လဲ မှုး
ရင်ဝထဲ မီးစ စူးသလို
ရုပ် နဲ့ နာမ် လဲ တချက်တချက်အခွာ
အချိန်ကြာလာတာနဲ့ အမျှ
အသိစိတ် မပါလာတော့ဘူး . . .
ဟိုတစ ဒီတစ ငြင်းကြခုံကြ
ညနေစောင်း မှ သက်ကြီးခေါင်းအချ
ဘီယာဆိုင်က ယိုင်တိုင်တိုင် အထမှာ
သူငယ်ချင်းတစ်ယောက်က
ကဗျာဆရာ မင်း မာဆတ်ရောက်ဖူးသလား တဲ့ . . .
အဲ့ဒါနဲ့ အဲ့ဒါနဲ့ ပဲ
ခပ်ဝါ၀ါ ၆ ထပ်တိုက်
အပေါ်ဆုံးနှစ်ခန်းက
ရန်ကုန်မြို့ရဲ့ နိဗ္ဗာန်နန်းပါဆိုတဲ့
အညှီအဟောက် တန်းကိုရောက်ခဲ့ . . .
လရိပ်ပြာ ဗြူးတီးဆလွန်း ဆိုတဲ့
ခပ်မှိန်မှိန် ဆိုင်းဘုတ်အောက်မှာ
ထိုင်နေကြသော မဒီကညာတွေဟာ
လက်ညိုးထိုး ရွေးရှယ်စရာတဲ့လား
ရုတ်တရက်ခံစားမှု့များ
အမေရိကား ကျွန်ခေတ်နောက်ပြန်သွားသလို . . .
၃ပေခွဲ ၆ပေ အခန်းကျဉ်းထဲမှာ
ခေါင်းအုန်း ၂လုံးနဲ့ ဆိုဖာအိပ်ရာငယ်တစ်ခု
မရဲတရဲ လက်ညိုးထိုးခေါ်လာတဲ့
၁၉နှစ်အရွယ် မိန်းမငယ်ကတော့
ဒီလိုဇတ်တွေ ကရဖန်များလို့
ဝါရင့်ရိုးအီနေတဲ့ အငြိမ့်မင်းသမီးအမှုရာမျိုးနဲ့
ကဲ အကို စကြမယ် တဲ့ . . .
မီးမှိန်မှိန်အခန်းကျဉ်း
အရွယ်တက်စ ဖိုနဲ့မ
ဘယ်လိုစိတ်ဆန္ဒထားရမလဲ
အတွေးများမဆုံးခင်ပဲ
အဲ့ဒီမိန်းမငယ်ရဲ့ အနင်းအနှိပ်တို့ က
ယောင်္ကျားပျို တစ်ယောက်ရဲ့ ရာဂ ကို ဆွသလို. . .
ရဟန္တာ မဟုတ်ပေမယ့်
အနည်းငယ်အမှုးပြေစ ပုထုဇဉ်
ကဗျာဆရာ အိပ်ရာက ငေါက်ခနဲ ထ
ညီမရေ စကားပဲပြောကြရအောင်ဆိုတော့
အဲ့ဒီကလေးမ ဟာသတပုဒ်ကြားလိုက်ရလို
တခစ်ခစ် နဲ့ အကြာကြီးရယ်တယ် . . .
သူမဟာ ဧရာဝတီတိုင်း ဟင်္သာတ က
ဘာမှ မသိနားမလည် သဘောဖြူအူစင်း
ကောက်စိုက်သမ ရွာသူလေးဘဝ
ဆယ်တန်းနှစ်ကို ပြန်အမှတ်ရပါသတဲ့ . . .
အဖေက လေဖြတ် ၊ အမေက မလုပ်ကိုင် တတ်
မောင်ငယ်နှစ်ဦး ကျောင်းသားဘ၀မှာ
မဟာရန်ကုန်ဆိုတဲ့ သတ်ကွင်းကြီးထဲ
ငွေ အသပြာအတွက် လည်လာစင်းပေးခဲ့ရတယ် . . .
ပထမ . . . ပထမဆုံးတော့
အထည်ချုပ်စက်ရုံက အလုပ်သမငယ်
အဲ့ဒီနောက် . . . အဲ့ဒီနောက်တော့
စင်တင်ဘီယာဆိုင်မှာ သီချင်းဆိုတယ် . . .
အဲ့ဒီအချိန်တုန်းက လက်တဆစ်စာမျှ
အပျိုစင်ဘ၀ကိုထိပါးမခံနိုင်တဲ့
ခပ်ရိုးရိုးတောသူမငယ်
သူဌေးဗိုက်ရွဲကြီးတွေနဲ့ သဟဇာတမဖြစ်တဲ့အတွက်
ဆိုင်ပိုင်ရှင် ကိုယ်တိုင်က မောင်းထုတ်ခဲ့တယ် . . .
သန်းခေါင်ထက်ညမနက်
ရွာမှ မိသားစုအတွက်
မာဆတ်ဆိုတဲ့ အနှိပ်ခန်းတွေထဲ
မထူးဇတ်ဆက်ခင်းခဲ့ပါသတဲ့ . . .
အဲ့ဒီမာဆတ် ဆိုတဲ့နေရာဟာ
ခဏလာလည်တဲ့ ယောင်္ကျားကြီးတွေအတွက် နိဗ္ဗာန်
သူမ တို့ အတွက်တော့ ငရဲ
ရောက်ခါစရက်တွေ မှာ
ခေါင်းအုန်းပေါ် မျက်ရည်တွေ ရွဲခဲ့ဖူးတယ် . . .
အခုကော ငါ့ညီမ အပျိုစင်ဘဝ
ဆက်ထိန်းထားနိုင်သေးသလား
ကဗျာဆရာက စာနာသနားစိတ်နဲ့အမေး
ရွက်သွေးဖြန်း မျက်နှာငယ်ငယ်ကိုအောက်ချ
အကို ကျမဘ၀ ပျက်ခဲ့တာကြာလှပေါ့ တဲ့ . . .
အဖေ ဒုက္ခိတ နဲ့ မောင်ကျောင်းသားငယ်တွေ
ဘ၀ရပ်တည်ရေးအတွက်
ယောင်္ကျားကြီးတွေ စိတ်ဆန္ဒပြည့်ဝမှ
ငွေ ၆၀၀၀ အံကြိတ်လက်ခံရ ခဲ့တယ် . . .
အနှိပ်ခန်း တနာရီ ၅၀၀၀ မှာကော
ငါ့ညီမ အတွက် ဘယ်လောက်ပါသလဲ ဆိုတော့
အဲ့ဒီကလေးမရဲ့ ပါဆင်းတစ် ဟာ
ကလေးမုန့်ဖိုးသာသာ ငွေ ငါးရာသာ
ကျန်တဲ့လေးထောင်းငါးရာ ပိုင်ရှင်တွေသိမ်းပါသတဲ့ . . .
ဒါပေမယ့်လည်း
စိတ်ထားဖြူစင်နေဆဲ တောသူမငယ်
ပိုင်ရှင်တွေကို အပြစ်မမြင်ပဲ
အကိုရယ် သူတို့မှာလဲ လိုင်းကြေး ရဲကြေး
ဟိုခ ဒီခ နဲ့ ဒီမျှတော့ ရသင့်ပါတယ်ဆိုတော့
ကဗျာဆရာလဲ ပါးစပ်အဟောင်းသား
ရုတ်တရက် ဆွံ့အ သွားခဲ့ရတယ် . . .
ဆက်ရှင်ပြည့်ပြီဆိုတဲ့အသံနဲ့
နိဗ္ဗာန် ငရဲခန်းက အထွက်
အိတ်ကပ်ထဲ ပါသမျှ ငွေ အကြွေတွေ
ညီမငယ်လက်ထဲ ထည့်ပေးတော့
ခေါင်းတခါခါ လည်တခါခါနဲ့ငြင်း
အကို လဲ ဘာမှမလုပ်ပဲနဲ့ ငွေ မယူပါရစေနဲ့တဲ့ . . .
အတင်းအဓမ္မ မယူမနေရဆိုတော့
အခန်းထဲ ပြန်ဆွဲခေါ်ပြီး ထိုင် ဦးချ
ပြန်မော့ကြည်တဲ့ မျက်ဝန်းအစုံက
ဝမ်းနည်းစရာ မျက်ရည်စတွေကို
ကဗျာဆရာ ဆိုနင့်စွာ ငေးကြည့်ရင်း
"ငါ့ညီမ ဒီဘ၀က အမြန်ကျွတ်ပါစေ" ဆုပေးတော့
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ အသံ က
ဘာကြောင့် ဖျော့တော့ တုန်ခါနေရတာလဲ ကွယ် . . .
မာဃလုလင်
No comments:
Post a Comment