ချစ်တတ်ဖို့ သင်ပေးခဲ့သော ပန်းပွင့်ကလေး၏ ရာဇ၀င်ကို သက်သေခံနိုင်သည့် မျက်ဝန်းတစ်စုံ ကွဲရှခဲ့သည်မှာကြာချေပြီ...။ ကျပျောက်သွားသော မျှောင်လင့်ခြင်းအတွက် ငိုကြွေးခဲ့ရသော မျက်ရည်များ၏ တန်ဖိုးကို သူမ ထံမှ အလျော်တောင်းရန် ကျွန်တော့်ထံတွင် ကြွေး ကျန်၍ နေပါသည်...။စွန့် ခွာမှုရဲ့  ရလဒ်အမာရွတ်အတွက် အောက်မေ့ဖွယ်အခမ်းအနားတစ်ခုကျင်းပရန် ဘယ်သောအခါမှ ကျွန်တော် မကြံရွယ်ပါ....။ ကျွန်တော်သည်သံယောဇဉ်တောအုပ်တွေ ရော်ဘင်ဟုဒ် လုပ်ချင်၏...။ အင်းလျားကန်ဘောင်တွင် ညအိပ်ဖူး၏...။ဗိုလ်အောင်ကျော်လမ်းမှ သုခ မှတ်တိုင်အထိ လမ်းလျှောက်ပြန်ဖူး၏... (မိုးရွာထဲတွင်ဖြစ်သည်)။ နာဇီ ၊ ဗလာ ၊ အန့်  တို့ နှင့်အိမ်နံပါတ်အမှားတစ်ခုကိုကိုင်ကာ သူမနေထိုင်ရာ အိမ်ကိုရှာခဲ့ဖူး၏...။။ အိုလံပစ်တာဝါတွင် သူမ သိပ်ကြိုက်သော မြေအိုးမြီးရှည် လိုက်ကျွေးသဖြင့် ကျွန်တော် ကို သူမက အာဘွားပေးပါသည်..။ ကော်ဖီဆိုင်တစ်ခုတွင် လူလစ်ခိုက် သူမပါးကိုခိုးနမ်းသောအခါ သူမက ကျွန်တော့်လက်မောင်းကိုကိုက်ပါသည်...။သူမနာမည်မှာ "စကားဝါ " မဟုတ်ပါ...။ကျွန်တော့်ရင်ထဲကပန်းပွင့်လေးဖြစ်ပါသည်..။ ပန်းဆိုသော်လည်း... "စကားဝါ "မဟုတ်ပါ...။ "စကားဝါ "ပန်းကလေးဖြစ်မည်ဟုထင်ပါသည်...။ သို့ သော်..... မသေချာ...။ သေချာသည်က ကျွန်တော် သူမ ကိုသိပ်ချစ်ခဲ့ခြင်း ဖြစ်သည်.....။ အချစ်ဆိုသည်မှာ................ အချစ်ဆိုသည်မှာ............... အချစ်ဆိုသည်မှာ............. ထူးအိမ်သင် သီချင်းမဟုတ်တာ ကတော့ သေချာသည်...။သေချာသည်ကိုတော့ကျွန်တော် မသိ...။ ကျွန်တော် မသိတာ ကတော့ သေချာသည်...။ သူမကို ဟောင်သည့်ခွေးအား..ခဲနဲ့ ပေါက်ချင်တာ အချစ်လား... ၊ သူမခြေဖ၀ါးကို ရွံ့ ဗွက်များစင်သွားသည့်အခါ သုတ်ပေးမိတာ အချစ်လား...၊ကျွန်တော်တို့ အိမ်တွင် ဆွမ်းကျွေးသောအခါ သူမကိုလာစေချင်တာ အချစ်လား....၊ လား.........၊ လား.....၊လား.........ပေါင်းများစွာ ကို ကျွန်တော် မသိတော့......။။ စက်တင်ဘာအရေခြုံထားတဲ့ အလွမ်းတို့  အရည်တင်းနေတာ ကျွန်တော်သိသည်...။ နာဇီ နှင့် ဘိုနီ တို့  အကြောင်းကို ကျွန်တော်သိသည်...။ တက်(ဂ်ျ)မဟာ ၊ ဗာလင်တံတိုင်း ၊ ဗယ်လင်တိုင်း ၊ ဆိုက်ဘေးရီးယားကွင်းပြင် ၊ ဆာဟာရ ၊အိုအေစစ် ၊ အိုလံပစ် .. ကျွန်တော်သိသည်....။ ဗလာတစ်ယောက် ကောင်မလေးတစ်ယောက်ရဲ့  ဓာတ်ပုံလိုချင်နေတာ လည်း ကျွန်တော်သိသည်...။လပေါ် လူရောက်တာ လည်းသိသည်..။ လင်းလက်အောင် သရဲကြောက်တာ လဲသိသည်..။ သူမအကြောင်းကို ကျွန်တော် မသိ...။လှည်းတန်း နှင့် မြေနီကုန်း ကိုသိသည်..။ ငတိတို့ အကြောင်းကို သိ သည်...။ကောသလမင်း အိမ်မက်တစ်ဆယ့်ခြောက်ချက်ကိုသိသည်...။အခုတလော ညီမင်း ဘာတွေ ဖြစ်နေတယ်ဆိုတာကိုလည်းသိသည်..။ သူမဘယ်မှာနေသလဲ ကျွန်တော်မသိ..။YKKO ၊ Mr.Brown ကိုသိသည်...။ ကိုသူတစ်ယောက် ချိုဝမ့် ကို မချစ်တော့တာသိသည်.။အိုလံပစ်တာဝါ ၊ ပန်းဆိုးတန်း ကိုသိသည်...။ပထမတစ်ယောက် ရည်းစားရနေတာကိုလည်းသိသည်...။ သူမ ဘာကြောင့် ကျွန်တော့ ကို လိမ်ညာခဲ့သလဲ ဆိုတာ.. ကျွန်တော်လုံးဝမသိ...။ သူမ ရဲ့  မသိကျေးကျွန် အောက်က ကျွန်တော့်အတွက်တော့ ..သူမ က မသိခြင်းရဲ့  သခင်.......။။။။။
No comments:
Post a Comment