ညိုဝါရွှေ မှော်ရုံတောထဲ လမ်းနှစ်မြွှာ ဖြာဝင်သွားတယ်၊
ခရီးသည်က ကိုယ်တစ်ယောက်တည်းရယ်
နှစ်သွယ်လမ်းကို ပြိုင်တူမလှမ်းနိုင်လို့ ၀မ်းပါးရသေးတယ်၊
ကွယ်... ဘယ်တတ်နိုင်ပါ့၊ မတ်တတ်ရပ်ပြီး မျက်စိတစ်ဆုံးလှမ်းမျှော်ကြည့်၊
အဲသည့်လမ်းကလေး ချုံပုတ်တွေအောက် ကွေ့ကောက်ဝင်သွားတဲ့ဆီအထိ။
နောက်တော့ သာတူညီမျှဖြစ်အောင် နောက်တစ်လမ်းကို အကဲခတ်ကြည့်၊
သူကတော့ သာယာမှုအပြည့်နဲ့ ညွှတ်နူးစွာလက်ကမ်း၊
ခြေလှမ်းတွေကို ငံ့မျှော်နေတဲ့ မြမြက်စိမ်းတွေအပြည့်၊
တစ်ခုတော့ ရှိသပေါ့၊ သည်လမ်းကို ဖြတ်ရင်
ဖြတ်သူလည်းပန်း မြက်လည်းနွမ်းမှာ အသေအချာပင်။
အဲသည်မနက်မှာ အဲသည်လမ်းနှစ်မြွှာ ငြိမ်သက်လဲလျောင်းလို့၊
အနင်းအချေမခံရသေးတဲ့ ရွက်ကြွေတွေ ဖြန့်ခင်းလို့၊
ငါ ပထမလမ်းကို နောက်နေ့အတွက် ချန်ထားလိုက်တယ်၊
တစ်လမ်းလျှောက်မိရင် နောက်လမ်းတွေဆီ ခရီးပေါက်မယ်ဆိုတာ သိကာထား
ငါပြန်လမ်းမှ ရှိပါဦးမလား သံသယတောင် ၀င်မိသေး။
သည်အကြောင်းကို ငါသက်ပြင်းကြီးကြီးချပြီး ပြောပါရစေ
နှစ်တွေ အသင်္ချေကြာခဲ့တုန်းက ထိုတစ်နေရာမှာလေ၊
ညိုဝါရွှေ တောအုပ်ကြား လမ်းနှစ်မြွှာ ဖြာဝင်သွား၊
လူသူခြေမချသေးတဲ့လမ်း ငါရွေးလှမ်းခဲ့တယ်
အဲသည် ရွေးချယ်မှု အရာရာတိုင်းကို ထူးခြားမှုတွေ ဖြစ်စေခဲ့တာပေါ့ကွယ်။
ရောဘတ်ဖရော့စ် (၁၉၁၆)
No comments:
Post a Comment