ဗေဒါလမ်း (၁၂) - စိုင်းဦးမှာလား
ပင်လယ်ဝဆီက
ဒီတက်စလှိုင်းဘောင်ဘင်။
မဗေဒါတဟုန်ထိုး၊ ချောင်းရိုးကိုဝင်။
မိုးမမြင် လေမမြင်၊ ပန်းဆန်ချင်လေတိုင်း။
ရေထဦးပေမို့
စိတ်ကူးယဉ် ယဉ်လေတိုင်း၊ ပန်းထင်ရာစိုင်း။
အထက်ချောင်းကျတော့
ဒီညောင်းစချောင်းရေသာ။
မဗေဒါကိုယ်ရှိန်သတ်၊ လှမ်းတတ်နိုင်ပါ။
စိုင်းခဲ့တဲ့ ခရီးတာမှာ၊ သာနာစုံပုံခဲ့။
ရေသင်ဖြူးပေမို့
ပွင့်ဖူးစုံငုံတံနဲ့၊ ပန်းမူရာနွဲ့။
ပန်းအလှ မဗေဒါ ... တဲ့။
ကျူရိုးရှင်ပီပီကလေး၊ တေးသံကသာ။
ပင်လယ်ဝဆီက
ဒီရေကျခွန်းစလာ၊ လွမ်းစရာပါတကား။
မိုးမမြင်လေမမြင်နဲ့
ထီမထင်စုန်ချင်တိုင်း၊ စိုင်းဦးမှာလား။ ။
ဇော်ဂျီ
(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)
"မိုးမမြင် လေမမြင်၊ ပန်းဆန်ချင်လေတိုင်း။ ရေထဦးပေမို့ စိတ်ကူးယဉ် ယဉ်လေတိုင်း၊ ပန်းထင်ရာစိုင်း။" ဆိုတဲ့အဖွဲ့လေး ရယ်၊ "ရေသင်ဖြူးပေမို့ ပွင့်ဖူးစုံငုံတံနဲ့၊ ပန်းမူရာနွဲ့။" ဆိုတာလေးရယ်ကို အရမ်းကြိုက်ပါတယ်။
ဒီရေတွေ ပင်လယ်ဝကတက်လာတော့ လှိုင်းတွေဘောင်ဘင်ခတ်ပြီး ခပ်ကြမ်းကြမ်းတက်လာတဲ့အခါ မဗေဒါကလည်း ဒီလှိုင်းနဲ့ အတူ ချောင်းရိုးထဲကို တဟုန်ထိုး ဝင်လာပါတယ်။ အတက်ခရီးစပြန်ပါပြီ။ သူ့ခမျာမှာလည်း ပန်းဆိုတော့ ပန်းဆန်ချင်တဲ့အခါလည်း ဆန်ချင်ရှာပါလိမ့်မယ်။ အတက်ခရီးရဲ့ ထုံးစံအတိုင်း စိတ်ကူးတွေ တယဉ်ယဉ်၊ မျှော်လင့်ချက်တွေ တပွေ့တပိုက်၊ အောင်မြင်မှုကိုလည်း မိုးမမြင်လေမမြင်နဲ့ မာန်လည်း နည်းနည်းတော့ တက်ချင်တက် နေ ရှာပါလိမ့်မယ်။ ရေထဦးရက်ဆိုရင် ရေတက်ကြမ်းပါတယ်။ ရုတ်တရက် အောင်မြင်မှုတွေအများကြီးရလေတော့လည်း လှပတဲ့အနာဂတ်ကို စိတ်ကူးတယဉ်ယဉ်နဲ့ ဗေဒါပန်းလေး ထင်ရာစိုင်းမိမှာပါပဲ။
ဒီလိုနဲ့ ချောင်းဖျားပိုင်းကို ရောက်လာတော့ ဒီရေညောင်းစပြုလာပါပြီ။ ဒီရေအရှိန်ကုန်လာလို့ အတက်နှေးလာတော့ မဗေဒါလည်း တဟုန်ထိုးတက်လာတဲ့ အဟုန်ကိုထိန်းပြီး ကိုယ်ရှိန်သတ်ရပြန်ပြီပေါ့။ အရှိန်လေးနဲ့တက်နေတုန်း စိုင်းလာခဲ့ မိတဲ့ ခရီးတလျှောက်မှာလည်း သာတဲ့အခါသာ၊ နာတဲ့အခါနာနဲ့ အမြဲတမ်းအသာစီးရခဲ့တာတော့ မဟုတ်ခဲ့ပါဘူး။ အခု တော့လည်း သင်ဖြူးလို ချောမွေ့တည်ငြိမ်နေတဲ့ ရေပြင်ထက်မှာ အဖူးအငုံအပွင့် ရိုးတံစုံနဲ့  ဗေဒါပန်းကလေး အမူအရာ နွဲ့နွဲ့နှောင်းနှောင်းနဲ့ ဟန်တင့်နေရပြန်ပါတယ်။
ကျူရိုးရှင်ကတော့ ပီပီကလေးကို သီကျူးရင်း တေးသံသာလေးတွေနဲ့ "ပန်းအလှမဗေဒါရေ ..." လို့ နှုတ်ခွန်းဆက်လိုက်ပြန်ပါတယ်။ ပင်လယ်ဝဆီမှာ ဒီရေကျစပြုလာနေတာကို ကျူရိုးရှင်မြင်နေရပါတယ်။ ဒီရေကျရင်တော့ မဗေဒါ ပြန်ဆင်းသွားရဦးမှာပဲ ဆိုပြီး လွမ်းစရာအဖြစ်ကိုတွေ့နေမိပါတယ်။ အစုန်အဆင်း အကျခရီးဟာ ရှေ့မှာ မလွှဲမရှောင်သာ ကြုံရဦးမှာမို့ "မဗေဒါရယ် ... အဆင်းခရီးကိုရော မိုးမမြင်လေမမြင်နဲ့ မထီတရီ ထီမထင်ဘဲ စုန်ချင်သလို ကဆုန်စိုင်းပြီး ဆင်းသွားဦးမှာလား" .... တဲ့။
ကျနော့်ရဲ့ ကိုယ်ပိုင်အမြင်ကိုပြောရရင် ကျူရိုးရှင်ဟာ မဗေဒါအပေါ်ငြိတွယ်မိတဲ့ သံယောဇဉ်အစလေးတွေ ရှိနေသလိုပါပဲ။ ဆရာကြီးဟာ ကျူရိုးရှင်နဲ့ မဗေဒါကို သိင်္ဂါရ ရသဘက်ကို တိမ်းညွတ်တဲ့သဘော (Romantic Inclination) ဘက်ကို ပါအောင် ဖွဲ့ ထားတယ် လို့ ယူဆမိပါတယ်။
(ကျနော့်အမြင်မှန်တယ်လို့ မဆိုလိုပါ။ ကျနော်ခံစားမိတာကိုသာ မျှဝေခြင်းဖြစ်ပါတယ်။ တချို့ကတော့လည်း ဒီလို မဟုတ်ဘူး၊ နိမိတ်ပုံတွေ၊ တင်စားချက်တွေသာဖြစ်တယ် လို့ ပြောကြပါတယ်။ အလွန်လှပတဲ့ ဆရာကြီးရဲ့ အဖွဲ့အနွဲ့တွေ ကြောင့်သာ ဒီလိုထင်နေရတာ လို့ ဆိုကြပါတယ်။ ကျနော့် အနေနဲ့တော့ အငြင်းပွားဖွယ်မရှိပါ။ ဝိုင်းပြီး စဉ်းစား ဆွေးနွေးကြစေလိုပါတယ်။ ကျနော့်အမြင်မှာတော့ မဗေဒါဟာ လောကသဘာဝအတိုင်း အဖော်၊ သံယောဇဉ် စတာတွေ ရှိစေချင်လို့ ဆရာကြီးက ကျူရိုးရှင်ကို ဘဝအဖေါ်အဖြစ်ထည့်ပေးတယ်လို့ ယူဆမိပါတယ်။ ဒီနေရာမှာ ဘဝရဲ့ အဖော်ဆိုတာ ပေါင်းဆုံနိုင်မှမဟုတ်ပါဘူး။ သံယောဇဉ်ခရီးဖော်သဘောမျိုးကို ဆိုလိုပါတယ်။ ကျနော် သိင်္ဂါရ ဥခွံထဲက ရုန်းမထွက်နိုင်သေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။)
ကျူရိုးရှင်ကတော့ ဘေးကနေကြည့်သူပီပီ ပိုပြီးမြင်တတ်တဲ့သဘောရှိပါတယ်။ ဒါကြောင့်မို့ ပင်လယ်ဝဆီမှာ ဒီကျစ ပြုလာလို့ မဗေဒါ ဆင်းချိန်ရောက်ပြီ၊ ပင်လယ်ဝအထိဆင်းသွားရင် သူလွမ်းကျန်ခဲ့ရဦးမှာပါလား ... လို့ ကြိုမြင်နေတဲ့ သဘောမျိုးရှိနေပါတယ်။ လောကသဘာဝအရ တက်ချိန်မှာ မာန်တက်ပြီး ထင်ရာစိုင်းတတ်ကြသလို ကျချိန်ရောက်လို့ ဆင်းရတဲ့အခါ ထီမထင် ဒေါင်ကျကျ ပြားကျကျ နေနိုင်တဲ့ သတ္တိမျိုး၊ အရည်အချင်းမျိုး ကျနော်မွေးရပါလိမ့်ဦးမယ်။
ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ
No comments:
Post a Comment