Wednesday, 3 August 2011

ဗေဒါလမ်း (၁၃) - ဆိုင်ခင်းလျက်ပဲ

created the doc: "ဗေဒါလမ်း (၁၃) - ဆိုင်ခင်းလျက်ပဲ"
Harry Lwin created the doc: "ဗေဒါလမ်း (၁၃) - ဆိုင်ခင်းလျက်ပဲ"

ဗေဒါလမ်း (၁၃) - ဆိုင်ခင်းလျက်ပဲ

အညာလှေ။

အညာမြေကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။

ထန်းလျက်ခဲရယ်နဲ့

ပဲမျိုးစုံကြုံလေခိုက်၊ ဝယ်လိုက်ပါလား. . .တဲ့။

တံငါလှေ။

တံငါမြေကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။

ပုစွန်ကျားရယ်နဲ့

ငါးမျိုးစုံကြုံလေခိုက်၊ ဝယ်လိုက်ပါလား.. . တဲ့။

ကမ်းစပ်မှာ မြှောင်။

အိုးဖောင်ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။

ရာဝင်အိုးရယ်နဲ့

အိုးမျိုးစုံကြုံလေခိုက်၊ ဝယ်လိုက်ပါလား .. .. တဲ့။

ကမ်းစပ်မှာမြှောင်။

ဝါးဖောင် ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။

ခယင်ဝါးရယ်နဲ့

ဝါးမျိုးစုံ ကြုံလေခိုက်၊ ဝယ်လိုက်ပါလား .. .. တဲ့။

ဒီလမ်းက ပန်းဗေဒါ။

ဆန်ရေစုန်ရေနဲ့

ထုံပေပေသူမနား၊ သွားရခါခါ။

ပါပါစ ရောင်းစရာ၊ ပါရှာဘု သူတို့နဲ။

အပြာမှာ အဝါကွက်ကယ်နဲ့

အတက်မှာသူရွှင်ပြပေမဲ့၊ ကျလည်းလေ သူမငြင်းရှာဘု

ဒီချောင်းရေ ကောက်ကစင်းမှာ

ဆိုင်ခင်းလျက်ပဲ။ ။

ဇော်ဂျီ

(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)

မဗေဒါကျင်လည်ကျက်စားရာချောင်းတလျောက်မှာ ဈေးလှေတွေ၊ ကုန်လှေတွေ အများအပြား ဆိုက်ကပ်ထားပါတယ်။ အညာလှေကလည်း အညာကုန်အစုံအလင်၊ တံငါလှေကလည်း ငါးပုစွန်မျိုးစုံ၊ အိုးဖောင်ကလည်း အိုးမျိုးစုံ၊ ဝါးဖေါင် ကလည်း ဝါးမျိုးစုံ၊ သူ့ကုန်နဲ့သူ ရောင်းနေကြပါတယ်။ ဒါပေမယ့် ဒီလမ်းမှာကျင်လည်နေတဲ့ ဗေဒါပန်းလေးတွေကရော၊ စုန်လိုက်ဆန်လိုက်နဲ့ မရပ်မနား အခါခါ ဒီလမ်းကို ထုံပေပေနဲ့သွားနေပေမယ့် သူတို့မှာ ရောင်းစရာရှိရဲ့လား .... သူတို့ခမျာ မရှိရှာပါဘူး။ အပြာရောင်အောက်ခံပေါ်က အဝါကွက်လေးတွေနဲ့ ဗေဒါပန်းလေးတွေဟာ အတက်မှာ ရွှင်ရွှင်ပြပြရှိသလို ကျတဲ့အခါမှာလည်း မငြင်းရှာပါဘူး။ ညီညွတ်ပြေပြစ်တဲ့ ဒီချောင်းရေလမ်းတလျှောက်မှာ ဆိုင်ခင်းထားသလိုပဲ သွားနေ လာနေကြရရှာပါလား ... လို့ခံစားမိပါတယ်။ ဒီနေရာမှာ ဆရာကြီး လှလှပပ ကာရန်ကိုက်သုံးသွားတာက "ကောက်ကစင်း" ဆိုတဲ့ စကားလုံးလေးပါ။ ဒီစကားက ပေါရာဏ (ရှေးစကား) ဖြစ်ပါတယ်။ "လမ်းခရီးတလျှောက်" လို့ အဓိပ္ပာယ်ရပါတယ်။ သူ့နေရာနဲ့သူ ရှေးစကားတွေကိုပါ အဆင်ပြေပြေနဲ့ ကျစ်ကျစ်လျစ်လျစ်ထည့်သွင်းစပ်ဆိုသွားတဲ့ ဆရာကြီးရဲ့ ပါရမီကို ပြနေပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...

ဟယ်ရီ



No comments:

Post a Comment