ပေးဆပ်တယ် ဆိုတဲ့ စကားသံကို ကြားနေရတာ ကြာပါပြီ ။ ပြောချင်တာလည်းကြာပါပြီ ။ ကျနော်တော့သိပ်ခံတွင်းမတွေ့လှဘူး ။ ငါပေးဆပ်လိုက်တယ်ဆိုတဲ့စကားရဲ့ နောက်ကွယ်မှာ ငါပြန်လည် ရယူသင့်တယ်ဆိုတဲ့အယူအဆလည်းပါလာနိုင်တယ်လို့ ထင်ပါတယ် ။ အနုပညာရှင်တွေကလည်းပြောသံကြားဘူးတယ် ။ နိုင်ငံရေးအ၀န်းအ၀ိုင်းကလူတွေလည်းပြောသံကြားဘူးတယ် ။ တကယ်တော့ကျနော့်အယူအဆကတော့ သူတို့ရဲ့ ရွေးချယ်မှုသာဖြစ်တယ် ။ ထောင်ထဲမှာနှစ်ရှည်လများသွားနေတာ ပေးဆပ်တာမဟုတ်လားလို့ပြောလာနိုင်စရာရှိပါတယ် ။ ဟုတ်ပါတယ် ဒါလည်းသူ့ယုံကြည်မှုအတွက် သူရွေးချယ်မှုဘဲလို့ကျနော်ထင်ပါတယ် ။ နိုင်ငံရေးလုပ်ရင်ထောင်ကျမယ် သို့သော်လုပ်သင့်လို့လုပ်ပါတယ် ။ စကားမစပ် ကျနော် ငယ်ငယ်တုန်းက ကျောင်းမှာ ( အာဇာနည်နေ့ထင်ပါတယ် ) ဟောပြောပွဲလုပ်တော့ လွတ်လပ်ရေးတိုက်ပွဲမှာပါလာတဲ့လူကြီးတွေက စင်ပေါ်ကနေဟောကြ ပြောကြပါတယ် ။ သူတို့ဘာတွေ ဟောပြောနေတာကို မမှတ်မိသော်လည်း ခုချိန်ထိမှတ်မိနေတာက သူတို့ကို ကျနော်ဘယ်လိုစိတ်မျိုးနဲ့ ငေးကြည့်နေမိတယ်ဆိုတာပါဘဲ ။ တကယ့်ကို ကျနော်အထင်ကြီးလေးစားစိတ်တွေနဲ့ငေးကြည့်နေရင်း အဲဒီလွတ်လပ်ရေးတိုက်ပွဲမှာ ငါမပါလိုက်ရတာနာတယ်ဆိုတဲ့အတွေးမျိုး တွေးမိနေတာကို ခုထိ မှတ်မိနေတုန်းပါဘဲ ။ ဆိုတော့ ခုရောက်နေတဲ့ ၂၀၁၄ ကနေ နှစ် ၅၀ သို့မဟုတ် ၁၀၀ လောက်ရှေ့ မှာရောက်သွားတယ်ဆိုတဲ့အတွေးနဲ့ စဉ်းစားကြည့်ရင် ခုကြုံတွေ့နေရတာက တကယ့်ကို great chance လို့ကျနော်ထင်မြင်ယူဆမိပါတယ် ။ တကယ်လိုအပ်နေတဲ့အချိန်မှာ တိုင်းပြည်အတွက် ငါတို့လုပ်ပေးခွင့်ရတယ်ဆိုတဲ့ အတွေးနဲ့ ငါပေးဆပ်လိုက်တယ်ဆိုတဲ့အတွေးက တကယ်တော့မတူဘူးလို့ထင်ပါတယ် ။ တကယ်လိုနေတဲ့နေရာမှာ ပေးလိုက်ရတာဘယ်လောက်တန်ဘိုးရှိမလဲနော် ။ ငါပေးဆပ်လိုက်၇တယ်ဆို ငါ ပါနေတယ် ။ ငါလုပ်ပေးခွင့်ရလိုက်တယ်ဆိုတာက တကယ်တော့ ငါ အပါနည်းတယ်ပေါ့ ။ အတိတ် ကိုလေ့လာကြည့်ရင် ကျနော်တို့ တိုင်းပြည်မှာ ပစ္စုပန်နဲ့ အနာဂါတ်မှာ ငါ တွေ လျော့ပေါ့သွားရင်ကောင်းမယ်ထင်တယ်လို့ တွေးမိတာလေးပါ ။
|
No comments:
Post a Comment